၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မလိုက်နာတဲ့ မြန်မာစစ်အုပ်စုအပေါ် ထိရောက်တဲ့အကျိုးဆက်တွေ သတ်မှတ်ရမယ်လို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ APHR က တောင်းဆိုလိုက်ပါတယ်။
အာဆီယံက စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုတွေကို တဖြည်းဖြည်းတိုးမြှင့်နေပေမဲ့ ဘုံသဘောတူညီချက် ချိုးဖောက်မှုတွေအတွက် ဘာအကျိုးဆက်မှ မရှိတာကြောင့် စစ်အုပ်စုကို တဖြည်းဖြည်း တရားဝင်အသိအမှတ်ပြုသလို ဖြစ်လာနိုင်တယ်လို့ APHR က ဇူလိုင် ၂၇ ရက်မှာ သတိပေးခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအဆင့်ကိုယ်စားလှယ် တက်ရောက်ခွင့်မပေးဘဲ ဆက်လက်ကန့်သတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း APHR က ပြောပါတယ်။
“တရားဝင်အသိအမှတ်ပြုမှုဟာ တရားဝင်ဆုံးဖြတ်ချက်တခုအနေနဲ့ ရုတ်တရက်ရောက်လာတာ မဟုတ်ပါဘူး။ ဘန်ကောက်က အလွတ်သဘောအစည်းအဝေး၊ မနီလာက တိုးချဲ့ဆွေးနွေးပွဲနဲ့ သီးခြားဆွေးနွေးပွဲတွေကတဆင့် တဖြည်းဖြည်း စုပုံလာတာပါ။ အာဆီယံရဲ့သတ်မှတ်ချက်တွေကို လျစ်လျူရှုတဲ့အခါ ဘာအကျိုးဆက်မှမရှိလို့ ဒီလိုဖြစ်လာတာပါ” လို့ APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီ ဘာရန့်စ်က ပြောပါတယ်။
ဒါကြောင့် ဘုံသဘောတူညီချက် မလိုက်နာမှုတိုင်းမှာ လက်တွေ့ကျတဲ့အကျိုးဆက် ရှိရမယ်လို့ သူက တိုက်တွန်းပါတယ်။
၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တဦးသာ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေ ပြန်တက်ရောက်ခွင့်ရဖို့ အဝေးကြီးလိုသေးတယ်လို့ ပြောခဲ့ပါတယ်။
အာဆီယံက ဆက်လက်ရေးဆွဲမယ့် မြန်မာ့အရေးတိုးတက်မှုတိုင်းတာရေး စံနှုန်းတွေကို စစ်အုပ်စုက မပြည့်မီရင် ဘုံသဘောတူညီချက် မလိုက်နာမှုအဖြစ် သတ်မှတ်မယ်လို့လည်း လာဇာရိုက ပြောထားပါတယ်။
APHR ကတော့ အဲဒီစံနှုန်းတွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ပြီး အခြေခံတိုင်းတာချက်၊ ပုံသေအစီရင်ခံရမယ့်ကာလနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုအခြေခံတဲ့ တိုးတက်မှုညွှန်းကိန်းတွေ ထည့်သွင်းသတ်မှတ်ဖို့ တောင်းဆိုပါတယ်။
သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု တိုးတက်မှုရှိ၊ မရှိကို နေပြည်တော်အစိုးရနဲ့ တွေ့ဆုံမှုတခုတည်းအပေါ် မတိုင်းတာသင့်ဘူးလို့လည်း APHR က ထောက်ပြပါတယ်။
အဲဒီအစား ၂၀၂၀ ရွေးကောက်ပွဲကနေ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမှန်တကယ်တွေ့ဆုံဆွေးနွေးမှု ရှိ၊ မရှိကို မှတ်တမ်းအထောက်အထားနဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ရရှိရေးကို စစ်အုပ်စုနဲ့ နောက်ထပ်ထိတွေ့ဆက်ဆံမှုတွေအတွက် ညှိနှိုင်းလို့မရတဲ့ မဖြစ်မနေလိုက်နာရမယ့် သတ်မှတ်ချက်အဖြစ် ထားရှိဖို့လည်း တောင်းဆိုထားပါတယ်။
“ဘုံသဘောတူညီချက်ကို ထပ်မံအတည်ပြုနေရုံဟာ အကောင်အထည်ဖော်တာ မဟုတ်ပါဘူး။ ငါးနှစ်လုံးလုံး ထပ်တလဲလဲအတည်ပြုခဲ့ပေမဲ့ အတည်ပြုနိုင်တဲ့တိုးတက်မှု မရရှိခဲ့ပါဘူး” လို့ APHR ပူးတွဲဥက္ကဋ္ဌနဲ့ မလေးရှားလွှတ်တော်အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂိုက ပြောပါတယ်။


