၁၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဒီနေ့ အလွတ်သဘောတွေ့ဆုံတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးရာရောက်သလို စစ်အုပ်စုနဲ့ အာဆီယံကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ထားပါတယ်။
ဒီအစည်းအဝေးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာဘက် ထိပ်တန်းနိုင်ငံခြားရေးတာဝန်ရှိသူတို့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံတာဖြစ်ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ဦးဆောင်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘန်ကောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတော့ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အခုလို တွေ့ဆုံတာဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အားနည်းစေပြီး စစ်အုပ်စုရဲ့ တင်းမာတဲ့ သဘောထားကို အသိအမှတ်ပြုပေးရာရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“အခုလို အလျှော့ပေးလိုက်တဲ့ လုပ်ရပ်ကြောင့် အာဆီယံရဲ့ အရေးပါမှုနဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းတွေ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေကို ရောက်သွားပြီ” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းနဲ့ SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောပါတယ်။
အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ ထောင်ချောက်ထဲ မကျဖို့လိုပြီး စစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်တဲ့ ဘယ်လိုခြေလှမ်းမျိုးကိုမဆို အဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒီနေ့အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံမြန်မာ့အရေးအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ဦးဆောင်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကယောက်က အိမ်ရှင်အဖြစ် လက်ခံတာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုလျှော့ချရေး၊ သက်ဆိုင်သူတွေအားလုံးကြား တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ရေးအတွက် လက်တွေ့ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ ဖိလစ်ပိုင်ဘက်က ပြောထားပါတယ်။
ဒါပေမဲ့ စစ်အုပ်စုဟာ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းဆိုချက်တွေကို လျစ်လျူရှုထားသလို အရပ်သားတွေအပေါ် လေကြောင်း၊ လက်နက်ကြီးနဲ့ အခြားအကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ထိပ်တန်းအဆင့် တွေ့ဆုံခွင့်ပေးတာဟာ မှားယွင်းတဲ့ အချက်ပြမှုဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
အာဆီယံဟာ စစ်အုပ်စုက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်တာကြောင့် စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ကန့်သတ်ထားခဲ့ပါတယ်။
တဖက်မှာလည်း စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၉ ရက်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အဆိုကို အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စစ်တပ်ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်တွေက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ အာဆီယံနဲ့ တွေ့ဆုံမယ့်သတင်း ထွက်ပေါ်ပြီးနောက် ဒီလိုအဆို အတည်ပြုခဲ့တာဖြစ်တယ်လို့ Reuters က ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဆီယံအနေနဲ့ စစ်အုပ်စုတဖက်တည်းနဲ့သာ မတွေ့ဆုံဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ရိုဟင်ဂျာကိုယ်စားလှယ်တွေနဲ့ အခြားဒီမိုကရေစီအင်အားစုတွေပါ ပါဝင်တဲ့ ဘက်ပေါင်းစုံထိတွေ့ဆက်ဆံမှု လုပ်ဖို့ တောင်းဆိုထားပါတယ်။
လက်ရှိမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က နေပြည်တော်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှုတွေ တိုးမြှင့်လာပေမယ့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုမှာ ထင်ရှားတဲ့တိုးတက်မှု မရှိသေးတာကြောင့် အခုဘန်ကောက်အစည်းအဝေးဟာ စစ်အုပ်စုနဲ့ ဆက်ဆံရေးပုံမှန်ပြန်လုပ်ဖို့ လမ်းဖွင့်ပေးတာ ဟုတ်၊ မဟုတ်ဆိုတဲ့ မေးခွန်းတွေ မြင့်တက်နေပါတယ်။


