Homeပြည်တွင်းသတင်းနိုင်ငံခြားငွေလိုအပ်တာရှိလို့ စားအုန်းဆီခွဲတမ်းလျော့ ရောင်းပေးတာလို့ စစ်အုပ်စုပြော

နိုင်ငံခြားငွေလိုအပ်တာရှိလို့ စားအုန်းဆီခွဲတမ်းလျော့ ရောင်းပေးတာလို့ စစ်အုပ်စုပြော

၁၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ပြည်တွင်းမှာ စားအုန်းဆီစားသုံးမှု မြင့်တက်လာပေမယ့် နိုင်ငံခြားငွေသုံးစွဲရမှုကို ချင့်ချိန်ဆောင်ရွက်နေရတာကြောင့် စားသုံးဆီခွဲတမ်း လျှော့ချရတာတွေ ဖြစ်လာတယ်လို့ စစ်အုပ်စု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေဝင်ရောက်မှုနည်းပါးနေတဲ့အပြင် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနဲ့ အခြားမဖြစ်မနေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေအတွက် ဒေါ်လာလိုအပ်ချက် မြင့်တက်နေတာကြောင့် တင်သွင်းကုန်တွေအတွက် နိုင်ငံခြားငွေခွဲဝေသုံးစွဲမှုကို ကန့်သတ်နေရတာ ဖြစ်ပါတယ်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းတင်းမာမှုကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာပြီး လောင်စာဆီတင်သွင်းဖို့ နိုင်ငံခြားငွေလိုအပ်ချက် ပိုများလာတာက မြန်မာနိုင်ငံရဲ့ ရှိပြီးသား နိုင်ငံခြားငွေဖိအားကို ထပ်မံမြင့်တက်စေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်၊ နယ်စပ်ကုန်သွယ်ရေးပြတ်တောက်မှု၊ ပို့ကုန်ဝင်ငွေလျော့ကျမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းပါးလာမှုနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် စစ်အုပ်စုဟာ နိုင်ငံခြားငွေထွက်ရှိမှုကို ထိန်းချုပ်ဖို့ သွင်းကုန်လိုင်စင်၊ နိုင်ငံခြားငွေခွဲဝေမှုနဲ့ ပို့ကုန်ရငွေစီမံခန့်ခွဲမှုတွေကို တင်းကျပ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း နိုင်ငံခြားငွေမလုံလောက်မှုနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေဟာ တင်သွင်းကုန်ရရှိမှုကို ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ခွဲတမ်းစားသုံးဆီ ရောင်းချပေးမှုဟာ မြို့နယ်နဲ့ ရပ်ကွက်အလိုက် ကွာခြားနေပြီး တချို့နေရာတွေမှာ ခွဲတမ်းရရှိမှု သိသိသာသာ လျော့ကျလာနေပါတယ်။

စားသုံးဆီလုပ်ငန်းရှင်တချို့ကလည်း ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ပိုင်းကစပြီး ၆၀ ရာခိုင်နှုန်းခန့် ထပ်မံလျှော့ချနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှု လျော့ကျလာတာကြောင့် ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ဆီရရှိမှုနဲ့ ခွဲတမ်းဖြန့်ဝေမှုတွေ လျော့နည်းလာတာဖြစ်တယ်လို့ စားသုံးဆီဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Related News

Most Read