၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဒုဋ္ဌဝတီမြစ်ကူး သီပေါတံတားကို မနေ့က ဇူလိုင် ၂၁ ရက်မှာ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ ဒေသတွင်းခရီးသွားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါပေမယ့် လက်ရှိမှာ ခရီးသွားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တံတားပေါ်ကနေ လမ်းလျှောက်ဖြတ်သန်းခွင့်သာ ပြုထားသေးပြီး ယာဉ်တွေနဲ့ ကုန်စည်တွေကိုတော့ ဖောင်နဲ့သာ ဖြတ်သန်းခွင့်ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“လောလောဆယ် ဖွင့်တယ်ဆိုတာပဲ ရှိတာပါဗျာ။ အလုံးစုံဖြတ်သန်းခွင့် မပြုသေးတော့ ဘာမှမထူးပါဘူး။ သူတို့ဘက်ကတော့ လုံခြုံရေးကြောင့်လို့ ပြောတယ်။ လူတွေက တံတားပေါ်ကနေ လမ်းလျှောက်ရတယ်၊ ကားနဲ့ကုန်တွေကတော့ မြစ်ကို ဖောင်နဲ့ကူးရတော့ အချိန်ပဲ ပိုကုန်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့ကာလအတွင်း သီပေါတံတားကို ဖွင့်လှစ်ထားခဲ့ပေမယ့် စစ်တပ်က သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် တံတားကို ပြန်လည်ပိတ်ဆို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကာလ နှစ်ဖက်တင်းမာနေတုန်းကတော့ အပြန်အလှန်ပိတ်ဆို့တာတွေ ရှိခဲ့တယ်။ အခက်အခဲအများဆုံးကတော့ ခရီးသွားပြည်သူတွေပဲ။ အခုတော့ သူတို့ နေပြည်တော်မှာ ပြန်တွေ့ဆုံနေပြီဆိုတော့ ရှမ်းမြောက်မှာ ဖွင့်ပေးရမယ့် တံတားတွေ ရှိသေးတယ်။ ဥပမာ ကျင်သီတံတားလည်း ပါတယ်” လို့ သူက ပြောပါတယ်။
သီပေါမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါတံတားကို ဖြတ်သန်းခွင့် မပြုခဲ့တာ ၈ လနီးပါး ကြာမြင့်ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။
ဒါ့အပြင် သီပေါမဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဒေသခံတွေအတွက် တံတားကို ပြန်မဖွင့်ပေးဘူးဆိုရင် အကြောင်းရင်းနဲ့ ဆက်စပ်နေတဲ့ အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြသွားမယ်လို့ ပြောဆိုထားပြီးနောက် အခုလို ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ MNDAA ခေါင်းဆောင်တွေနဲ့ တရုတ်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် သီပေါတံတားကို ပြန်လည်ဖွင့်လှစ်ပေးဖို့ တရုတ်ဘက်က လိုလားကြောင်း ပြောဆိုခဲ့ဖူးပါတယ်။


