၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံဆီ လူ ၅,၀၀၀ ပြန်ပို့မယ့်အစီအစဉ်မှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မြန်မာဘက်က ငြင်းဆိုလိုက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲမှုတွေ ပေါ်ပေါက်နေပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဟန်ဝင်းအောင်က မလေးရှားနဲ့ ဆွေးနွေးနေတဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ ရိုဟင်ဂျာတွေအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်သူတွေကိုသာ လက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ မလေးရှားမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့တာပါ။
ဒါပေမဲ့ မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင်က ပြန်ပို့ဖို့ စိစစ်နေသူတွေဟာ နိုင်ငံတဝန်း လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း ၁၉ ခုမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ နောက်ပိုင်းမှာ ရှင်းလင်းခဲ့ပါတယ်။
လက်ရှိမှာ ထိန်းသိမ်းထားသူ ၄,၀၀၀ ခန့်ကို နေရာတခုတည်းဆီ ပြောင်းရွှေ့ပြီး အမည်၊ နိုင်ငံသားဖြစ်မှုနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို စစ်ဆေးနေတယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ပြန်ပို့မယ့်သူတွေဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူတွေဖြစ်ကြောင်း အတည်ပြုနိုင်ရမယ်လို့ ၎င်းကပြောပေမယ့် ရိုဟင်ဂျာပါဝင်ခြင်း ရှိ၊ မရှိကိုတော့ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
မြန်မာစစ်အုပ်စုဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမရှိတာကြောင့် နိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်သူတွေကိုသာ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်အရ ရိုဟင်ဂျာတွေ ပါဝင်နိုင်ခြေမရှိဘူးလို့ မြန်မာဘက်က ပြောဆိုတာဖြစ်ပါတယ်။
ဒါကြောင့် ပြန်ပို့မယ့်သူတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်၊ မြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့ မလေးရှားပြည်ထဲရေးဝန်ကြီးရဲ့ ရှင်းလင်းချက်နဲ့ ရိုဟင်ဂျာမပါဝင်ဘူးဆိုတဲ့ မြန်မာဘက်ရဲ့ ပြောဆိုချက်တို့ကြား အချက်အလက်ကွဲလွဲနေပါတယ်။
ပြန်ပို့မယ့်သူတွေရဲ့ အမည်စာရင်း၊ လူမျိုး၊ ဒုက္ခသည်အခြေအနေနဲ့ ပြန်ပို့မယ့်အချိန်တို့ကို နှစ်နိုင်ငံစလုံးက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အာဆီယံလွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (APHR) နဲ့ UNHCR တို့ကတော့ မြန်မာနိုင်ငံမှာ ဘေးကင်းပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မယ့်အခြေအနေ မရှိသေးတာကြောင့် ရိုဟင်ဂျာတွေကို အတင်းအကျပ်မပို့ဖို့ သတိပေးထားပါတယ်။


