ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ United Council of Rohingya (UCR) က မြန်မာဘက်ရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ နောက်ဆုံးရှင်းလင်းချက်ကို ပယ်ချပြီး နေရပ်ပြန်ပို့ရေးကိစ္စကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးမှုအဖြစ်သာ မထားဘဲ ကုလသမဂ္ဂ၊ ကုလလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့ ပါဝင်ဖြေရှင်းဖို့ တောင်းဆိုလိုက်ပါတယ်။
UCR က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်မှာ စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာရတဲ့ အကြောင်းရင်းဆိုင်ရာ ရှင်းလင်းချက်ဟာ သမိုင်းကို ပြန်လည်ရေးသားပြီး အစိုးရတာဝန်ရှိမှုကို ရှောင်ရှားဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
မြန်မာဘက်က ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ ခေါ်ဆိုနေတာကိုလည်း UCR က ပယ်ချပြီး အဲဒီအသုံးအနှုန်းဟာ ရိုဟင်ဂျာတွေရဲ့ လူမျိုးရေးအမှတ်အသားကို ဖျောက်ဖျက်ဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ UCR က ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ ရာစုနှစ်များစွာ နေထိုင်လာတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ပြီး သူတို့ရဲ့ လူမျိုးရေးအမှတ်အသားနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ပြန်လည်အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
စစ်အုပ်စုဘက်ကတော့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတာဟာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ပြီးနောက် စစ်တပ်က လုံခြုံရေးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာနဲ့ ဆက်စပ်တယ်လို့ ပြောထားပါတယ်။ UCR ကတော့ ဒီရှင်းလင်းချက်ကို ပယ်ချပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေဟာ ကျေးရွာ ၃၀၀ ကျော် မီးရှို့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အကျဉ်းချုပ်သတ်ဖြတ်မှုတွေ ပါဝင်တဲ့ စနစ်တကျတိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးနောက်ပိုင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီကာလအတွင်း သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျေးရွာဖျက်ဆီးမှုဆိုင်ရာ စွပ်စွဲချက်တွေကို မှတ်တမ်းတင်ထားပါတယ်။
UCR က မြန်မာဘက်ရဲ့ ရိုဟင်ဂျာ ၅၄၀,၀၀၀ ခန့်သာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ပယ်ချထားပြီး ကုလသမဂ္ဂအချက်အလက်တွေအရ အရင်ကာလ ထွက်ပြေးမှုတွေအပါအဝင် ရိုဟင်ဂျာ တစ်သန်းကျော် နေရပ်စွန့်ခွာထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်ပြန်ပို့ရေးအတွက် မြန်မာဘက်က လုပ်ဆောင်နေတဲ့ အတည်ပြုစိစစ်ရေးလုပ်ငန်းစဉ်ကိုလည်း UCR က ယုံကြည်မှုမရှိဘူးလို့ ဆိုပြီး ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” အဖြစ် မှတ်ပုံတင်ဖို့ ဖိအားပေးနေတာကြောင့် အဲဒီလုပ်ငန်းစဉ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ မြန်မာဘက်က လူ ၄,၂၄၁ ဦးကို “အကြမ်းဖက်မှုနဲ့ ဆက်စပ်သူ” အဖြစ် သတ်မှတ်ထားတာကိုလည်း မိသားစုတွေ နေရပ်ပြန်မလာနိုင်အောင် တားဆီးတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေတာလို့ UCR က စွပ်စွဲထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကလည်း လွတ်လပ်စွာသွားလာခွင့် မရဘဲ စခန်းတွေထဲမှာ ကန့်သတ်ထားသလို နေထိုင်နေရတယ်လို့ UCR က ဆိုပါတယ်။
UCR က ၁၉၇၈ နဲ့ ၁၉၉၂ ခုနှစ် နေရပ်ပြန်ပို့ရေးအစီအစဉ်တွေ နောက်ပိုင်းမှာလည်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ပြန်ဖြစ်ခဲ့တယ်လို့ ထောက်ပြပြီး လက်ရှိစစ်အုပ်စုအပေါ် ယုံကြည်မှုမရှိသလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီချက်တစ်ခုတည်းနဲ့ နေရပ်ပြန်ရေး မဖြေရှင်းသင့်ဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာအရေးဟာ သာမန် နိုင်ငံနှစ်နိုင်ငံကြား သံတမန်ရေးပြဿနာမဟုတ်ဘဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေ ပါဝင်နေတဲ့ ကိစ္စဖြစ်ပြီး ICJ မှာလည်း အမှုရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာဥပဒေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ပါဝင်မှု လိုအပ်တယ်လို့ UCR က ပြောပါတယ်။
ဒါ့အပြင် လုံခြုံရေးအခြေအနေ ကောင်းမွန်လာမှ နေရပ်ပြန်ပို့ရေး စတင်နိုင်မယ်ဆိုတဲ့ မြန်မာဘက် ရပ်တည်ချက်ကိုလည်း UCR က ပယ်ချပြီး စစ်တပ်က ရခိုင်ပြည်နယ်မှာ ဆက်ရှိနေသရွေ့ ရိုဟင်ဂျာတွေအတွက် လုံခြုံတဲ့ အခြေအနေ ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
UCR က ရိုဟင်ဂျာနေရပ်ပြန်ရေးကို မိမိဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ရမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာသာ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပြန်လည်ရရှိရေးနဲ့ မူလပိုင်မြေတွေ ပြန်လည်ရရှိရေးအတွက် အချိန်ဇယားပါတဲ့ ခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခုပါ ရှိရမယ်လို့ တောင်းဆိုထားပါတယ်။

