Homeပြည်တွင်းသတင်းရခိုင်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေနှစ်စင်း နစ်မြုပ်မှုမှာ လူ ၅၀၀ ကျော် သေဆုံး

ရခိုင်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေနှစ်စင်း နစ်မြုပ်မှုမှာ လူ ၅၀၀ ကျော် သေဆုံး

၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေနှစ်စင်း ဘင်္ဂလားပင်လယ်အော်မှာ နစ်မြုပ်ခဲ့တယ်လို့ ယူဆရပြီး လူ ၅၀၀ ကျော် သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ဇူလိုင် ၁၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။

UNHCR နဲ့ IOM ရဲ့ ထုတ်ပြန်ချက်အရ လှေနှစ်စင်းစလုံးဟာ ဇွန်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ခရီးသည်အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေကနေ လာရောက်လိုက်ပါသူတွေလည်း ပါဝင်ခဲ့ပါတယ်။

လှေတစ်စင်းမှာ လူ ၂၅၀ ဝန်းကျင် လိုက်ပါလာပြီး ထွက်ခွာပြီး မကြာခင်မှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ နောက်တစ်စင်းမှာတော့ လူ ၂၈၀ ခန့် လိုက်ပါလာခဲ့ပြီး ဇူလိုင် ၈ ရက်က ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တယ်လို့ ယူဆထားပါတယ်။

UNHCR နဲ့ IOM က ဖြစ်စဉ်အသေးစိတ်နဲ့ သေဆုံးသူအရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့် လူအသေအပျောက် အလွန်များပြားနိုင်တဲ့ ဖြစ်ရပ်ဖြစ်လာမှာကို အထူးစိုးရိမ်နေကြောင်း ပြောထားပါတယ်။ ဒါ့အပြင် ပင်လယ်မှာ အန္တရာယ်ကြုံနေရသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့၊ ခိုလှုံခွင့်နဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေ တိုးမြှင့်ဖို့၊ လူမှောင်ခိုကူးမှုကွန်ရက်တွေကို နှိမ်နင်းဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ၊ မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေ ဆက်ရှိနေတာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီ လျှော့ချခံရတာတွေကြောင့် ရိုဟင်ဂျာတွေဟာ မုတ်သုံရာသီအတွင်းမှာတောင် မလေးရှားနိုင်ငံကို ရောက်ရှိဖို့ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဆက်လက်ရွေးချယ်နေကြတာဖြစ်ပါတယ်။

UNHCR ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာ ၆,၅၀၀ ကျော် ပင်လယ်လမ်းကနေ ထွက်ပြေးခဲ့ပြီး ၉၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကာ ဒါဟာ ကမ္ဘာပေါ်က ဒုက္ခသည်တွေရဲ့ ပင်လယ်ခရီးစဉ်တွေထဲမှာ သေဆုံးနှုန်း အမြင့်ဆုံး လမ်းကြောင်းဖြစ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းလည်း ရိုဟင်ဂျာ ၅,၄၀၀ ကျော် ပင်လယ်ခရီးထွက်ခဲ့ပြီး ၅၄၀ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးထားကြောင်း သိရပါတယ်။

Related News

Most Read