၃၀ ဇွန် ၂၀၂၆ | New Day Myanmar
အီရန်စစ်ပွဲအပါအဝင် အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေကြောင့် ကမ္ဘာ့အာရုံစိုက်မှု၊ လူသားချင်းစာနာမှုအရင်းအမြစ်နဲ့ ရန်ပုံငွေတွေ အဲဒီဒေသဆီ ပြောင်းရွှေ့သွားတာကြောင့် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အကူအညီတွေ ပိုမိုနည်းပါးလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတိပေးပါတယ်။
UNHCR ရဲ့ ဧပြီနဲ့ မေလအတွင်း မြန်မာ့အရေး ဒေသဆိုင်ရာအခြေအနေအစီရင်ခံစာအရ မြန်မာ့အရေးကြောင့် အတင်းအကျပ် နေရပ်စွန့်ခွာနေရသူ ၅ ဒသမ ၄ သန်းအထိ ရှိလာပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၈ သန်းနဲ့ ပြည်ပနိုင်ငံတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁ ဒသမ ၆ သန်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ၂၀၂၅ ခုနှစ် ငလျင်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကြောင့် အစားအသောက်၊ အမိုးအကာ၊ ဆေးဝါးနဲ့ ကာကွယ်စောင့်ရှောက်ရေးအကူအညီ လိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေပါတယ်။
ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် အလှူရှင်နိုင်ငံတွေရဲ့ အာရုံစိုက်မှုနဲ့ ရန်ပုံငွေတွေ အရှေ့အလယ်ပိုင်းဆီ ဦးတည်လာပြီး ရန်ပုံငွေနည်းပါးနေပြီးသား မြန်မာ့အရေးတုံ့ပြန်မှုအပေါ် ဖိအားပိုများလာတယ်လို့ UNHCR က ဆိုပါတယ်။
UNHCR ဟာ ၂၀၂၆ ခုနှစ် မြန်မာ့အရေး ဒေသဆိုင်ရာတုံ့ပြန်မှုအတွက် အမေရိကန်ဒေါ်လာ ၃၂၈ ဒသမ ၅ သန်း တောင်းခံထားပေမယ့် မေလကုန်အထိ ၃၄ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။
ရန်ပုံငွေမလုံလောက်တာကြောင့် အကူအညီပေးရေးအဖွဲ့တွေဟာ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုသာ ဦးစားပေးနေရပြီး အသက်မွေးဝမ်းကျောင်း၊ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်အကူအညီအစီအစဉ်တွေ လျှော့ချရနိုင်တဲ့ အခြေအနေရှိနေပါတယ်။
UNHCR က ကမ္ဘာ့အာရုံစိုက်မှုဟာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့သွားပေမယ့် မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကျပ်အတည်း လျော့နည်းသွားတာမရှိကြောင်းနဲ့ နိုင်ငံတကာအလှူရှင်တွေက မြန်မာ့အရေးအတွက် ရန်ပုံငွေ ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။


