၃၀ ဇွန် ၂၀၂၆ | New Day Myanmar
ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးရွာသွန်းမှု ပိုများလာနိုင်ပြီး ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ပါတယ်။
မိုးဇလရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းလာနိုင်သလို ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလည်း လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အထိ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့အပြင် ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသတချို့မှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသက်လေပြင်း ကျရောက်ချိန်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ ရှိနိုင်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေနဲ့ မြစ်ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ သတိပေးထားပါတယ်။


