Homeပြည်တွင်းသတင်းကမ္ဘာ့ဖလားကာလ ရန်ကုန်မှာ လုယက်မှု၊ ဖောက်ထွင်းခိုးယူမှုတွေ မြင့်တက်လာ၊ ဘောလုံးပွဲရှုံးလို့ လုပ်မိလုပ်ရာ လုပ်ကြဟုဆို

ကမ္ဘာ့ဖလားကာလ ရန်ကုန်မှာ လုယက်မှု၊ ဖောက်ထွင်းခိုးယူမှုတွေ မြင့်တက်လာ၊ ဘောလုံးပွဲရှုံးလို့ လုပ်မိလုပ်ရာ လုပ်ကြဟုဆို

၂၆ ဇွန် ၂၀၂၆ | New Day Myanmar

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ အွန်လိုင်းလောင်းကစားတွေလည်း ပိုမိုပျံ့နှံ့လာပြီး ငွေအလွယ်ရဖို့ ကျူးလွန်တဲ့ ပြစ်မှုတွေ တိုးလာနေတယ်လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တချို့က အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ကျူးလွန်သူတွေဟာ မိုးရွာတဲ့ညပိုင်းတွေကို အဓိကရွေးချယ် လှုပ်ရှားကြပြီး နေအိမ်ဝရန်တာမှာ လှမ်းထားတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေကအစ ခိုးယူတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ခိုးယူခံရတာဟာ လူနေအိမ်တွေပဲ မဟုတ်တော့ဘဲ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ အရောင်းဆိုင်တချို့ကိုပါ ပစ်မှတ်ထားလာကြသလို ညဘက် ဆိုင်ပိတ်ချိန်မှာ သော့ဖျက်ဝင်ရောက်ပြီး ငွေသား၊ တန်ဖိုးကြီးပစ္စည်းတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို ယူဆောင်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“တစ်နေ့က ကုန်စုံဆိုင်ကို ဖောက်ဝင်တာ။ မီးပြတ်ရင်ထွန်းတဲ့ အားသွင်းမီးသီးကအစ အကုန်ယူသွားတယ်။ အလွယ်တကူ ပြန်ရောင်းလို့ရတဲ့ ပစ္စည်းမှန်သမျှ ပါသွားတယ်။ အကြွေအမ်းဖို့ထားတဲ့ ငွေတွေပါ ယူသွားတယ်” လို့ ဖောက်ထွင်းခံရတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဆိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် အိမ်ခြံဝင်းထဲမှာထားတဲ့ ဆိုင်ကယ်၊ စက်ဘီး၊ ရေမော်တာတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေပါ ပျောက်ဆုံးတာတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

နေ့ခင်းဘက် လူမရှိချိန်ကိုစောင့်ပြီး နေအိမ်တွေကို ဖောက်ထွင်းကာ ရွှေ၊ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူတဲ့ဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

“ဒီလိုခိုးတာတွေက အရင်ကလည်း ရှိပါတယ်။ အခုမိုးရာသီမှာ ပိုဆိုးလာတယ်။ ကမ္ဘာ့ဖလားပွဲလည်း ရှိတော့ လောင်းကြတာပေါ့။ ငွေလိုရင် လွယ်လွယ်ရအောင် ခိုးကြတာ။ တစ်နေ့က နှစ်ယောက်မိတာကို မေးကြည့်တော့ ဘောလုံးပွဲရှုံးလို့ လုပ်မိလုပ်ရာ လုပ်တာပါလို့ ပြောတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအကြားမှာလည်း မိုးရာသီအတွင်း ခိုးမှု၊ ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ ပိုများလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ညဘက်ရော နေ့ခင်းဘက်ပါ နေအိမ်နဲ့ ဆိုင်တွေကို လူမရှိဘဲ မထားရဲတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ မြို့နယ်အလိုက် ရပ်ကွက်တချို့မှာ ညကင်းစနစ်ကို ပြန်လည်ဆောင်ရွက်နေကြပြီး ခိုးမှု၊ လုယက်မှုတွေ များလာတာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ မိသားစုလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read