Homeပြည်တွင်းသတင်းရန်ကုန်မှာ တစ်ရက်တည်း မြေငလျင်လှုပ်မှု ၂ ကြိမ်ဖြစ်ပွား၊ သတိပြုနေထိုင်ကြဖို့ နှိုးဆော်

ရန်ကုန်မှာ တစ်ရက်တည်း မြေငလျင်လှုပ်မှု ၂ ကြိမ်ဖြစ်ပွား၊ သတိပြုနေထိုင်ကြဖို့ နှိုးဆော်

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့မှာ ဒီကနေ့ ဇွန် ၂၄ ရက် တစ်ရက်တည်းအတွင်း မြေငလျင်လှုပ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲငလျင်တွေကို သတိပြုနေထိုင်ကြဖို့ ငလျင်ပညာရှင်တချို့က နှိုးဆော်ထားပါတယ်။

ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ၅ စက္ကန့်ခန့်ကြာ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့နယ်အများအပြားက သိရှိခံစားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့လယ်ခေါင်ဖြစ်တဲ့ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တွေအပြင် သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်းနဲ့ တာမွေမြို့နယ်တွေမှာ လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အချို့ဆက်စပ်မြို့နယ်တွေမှာတော့ သိသာစွာ မခံစားလိုက်ရတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ ဒေါပုံမှာ သိလိုက်ရတယ်။ အရမ်းအကြမ်းကြီးတော့ မဟုတ်ဘူး။ ရွှေ့သွားတဲ့ ပုံစံမျိုး၊ လူက မိုက်ကနဲ ဖြစ်သွားတာ။ အထပ်မြင့်တွေ သတိထားနေကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်” လို့ ဒေါပုံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မြေငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမြေငလျင်စင်တာကလည်း မပြတ်အသိပေးထုတ်ပြန်နေသလို စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေပြည်တော် ဥတ္တရသီရိမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၊ မြေအနက် ၁၁ ကီလိုမီတာကို ဗဟိုပြုပြီး ပမာဏ ၃.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်နဲ့ ၁၀ နာရီ ၅၅ မိနစ်ခန့်တို့မှာလည်း မြေငလျင်လှုပ်ခတ်မှုတွေကို မြို့နယ်တော်တော်များများက သိရှိခံစားခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ထိခိုက်ပျက်စီးမှု သတင်းမကြားရသေးပေမယ့် အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေအနေနဲ့ နောက်ဆက်တွဲငလျင်အန္တရာယ်ကို သတိပြုကြဖို့ ငလျင်ပညာရှင်တွေက နှိုးဆော်ထားပါတယ်။

ဆက်စပ် သတင်းများ

Most Read