Homeပြည်တွင်းသတင်းရန်ကုန်မှာ ကြက်ဥဈေးမြင့်တက်လို့ ခွဲတမ်းနဲ့ ရောင်းချရတဲ့အခြေအနေ ရောက်လာ

ရန်ကုန်မှာ ကြက်ဥဈေးမြင့်တက်လို့ ခွဲတမ်းနဲ့ ရောင်းချရတဲ့အခြေအနေ ရောက်လာ

၂၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့က အဓိကဈေး ၉ နေရာမှာ ဇူလိုင် ၂၀ ရက်ကစပြီး ကြက်ဥတလုံးကို ၅၅၀ ကျပ်နှုန်းနဲ့ ကြက်ဥ၊ ဘဲဥလုပ်ငန်းရှင်တွေက ခွဲတမ်းနဲ့ လိုက်လံရောင်းချပေးနေတယ်လို့ သိရပါတယ်။

လက်ရှိကြက်ဥဈေးဟာ ရောင်းချတဲ့နေရာပေါ်မူတည်ပြီး ကွာခြားနေပါတယ်။ ကုန်တိုက်တချို့မှာ တလုံး ၄၇၅ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေချိန် အိမ်ဆိုင်နဲ့ ကုန်စုံဆိုင်တချို့မှာတော့ တလုံး ၇၀၀ ကနေ ၈၀၀ ကျပ်အထိ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဈေးလျှော့ရောင်းချနေတဲ့ နေရာတွေကတော့ ရွှေပြည်သာမြို့နယ် ပတ္တမြားဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၊ ပုဇွန်တောင်ဈေး၊ မြောက်ဥက္ကလာပဈေး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး၊ မြောက်ဒဂုံမြို့နယ် ဒဂုံရွှေပြည်ဈေး၊ တာမွေမြို့နယ် အခွန်လွတ်ဈေး၊ ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးနဲ့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံတို့ ဖြစ်ပါတယ်။ မနက် ၇ နာရီကစပြီး ရန်ကုန်ကြက်ဥအဖွဲ့က ရောင်းချပေးနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြက်ဥတလုံး ၇၀၀ ကျပ်အထိ ဈေးမြင့်တက်လာပြီးနောက် အာဏာသိမ်းခေါင်းဆောင်က ဈေးနှုန်းလျှော့ချဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ဈေးကြီးတချို့မှာ သတ်မှတ်ဈေးနဲ့ ခွဲတမ်းရောင်းချတာတွေ စတင်လာတာပါ။

မွေးမြူရေးလုပ်ငန်းရှင်တွေကတော့ တိရစ္ဆာန်အစာနဲ့ တခြားမွေးမြူရေးကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ကြက်ဥဈေးတက်ရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံတကာအဖွဲ့တွေရဲ့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

Related News

Most Read