Homeပြည်တွင်းသတင်းရန်ကုန်မှာ ခွဲတမ်းစားသုံးဆီရရှိမှု လျော့ကျ၊ ဧည့်စာရင်းနဲ့နေသူတွေကို မရောင်းတော့ဘဲ ဆီစာအုပ်တွေ ပြန်သိမ်းနေ

ရန်ကုန်မှာ ခွဲတမ်းစားသုံးဆီရရှိမှု လျော့ကျ၊ ဧည့်စာရင်းနဲ့နေသူတွေကို မရောင်းတော့ဘဲ ဆီစာအုပ်တွေ ပြန်သိမ်းနေ

၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းအတွင်း မြို့နယ်နဲ့ ရပ်ကွက်အလိုက် ခွဲတမ်းနဲ့ ရောင်းချပေးနေတဲ့ စားသုံးဆီတွေ ရရှိဖို့ အခက်အခဲတွေ ဖြစ်လာနေပြီး အခြေခံလူတန်းစားတွေ ဆီဝယ်ယူသုံးစွဲရာမှာ အခက်တွေ့နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အရင်က တပတ်ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ရရှိနေတဲ့ ခွဲတမ်းစားသုံးဆီတွေဟာ ဇူလိုင်လအစကတည်းက ရောင်းချပေးမှု မမှန်တော့ဘဲ တချို့ရပ်ကွက်တွေမှာ လုံးဝမရသေးဘူးလို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာ နေထိုင်သူတဦးက အရင်က တပတ်ကို နှစ်ကြိမ်၊ တကြိမ်ကို ၅၀ ကျပ်သားစီ ရရှိခဲ့ပေမယ့် ဇူလိုင်လကစပြီး ဆီမရောက်သေးဘူးဆိုကာ ရောင်းချပေးတာ မရှိတော့ဘူးလို့ ပြောပါတယ်။

“အရင်က ခွဲတမ်းနဲ့ နှစ်ကြိမ်ရတယ်။ တကြိမ်ကို ၅၀ ကျပ်သားရတယ်။ အခုတော့ မရတော့လို့ အပြင်က ဝယ်စားနေရတယ်။ အပြင်ဆီဈေးနဲ့ဆို တွက်ချေမကိုက်တော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်ဘက်မှာတော့ ခွဲတမ်းစားသုံးဆီ ရောင်းချပေးနေသေးပေမယ့် အရင်လို တပတ်တကြိမ် မဟုတ်တော့ဘဲ ရက် ၂၀ ဝန်းကျင်ခြားမှ တကြိမ်သာ ရရှိတော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကိုသာ ဆီခွဲတမ်းပေးတော့ပြီး ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဆီမရောင်းပေးတော့ဘဲ ဆီစာအုပ်တွေကိုပါ ပြန်လည်သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ခွဲတမ်းစားသုံးဆီ ရောင်းချပေးမှုဟာ မြို့နယ်နဲ့ ရပ်ကွက်အလိုက် ကွာခြားနေပြီး တချို့နေရာတွေမှာ ခွဲတမ်းရရှိမှု သိသိသာသာ လျော့ကျလာနေပါတယ်။

စားသုံးဆီလုပ်ငန်းရှင်တချို့ကလည်း ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ပိုင်းကစပြီး ၆၀ ရာခိုင်နှုန်းခန့် ထပ်မံလျှော့ချနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှု လျော့ကျလာတာကြောင့် ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ဆီရရှိမှုနဲ့ ခွဲတမ်းဖြန့်ဝေမှုတွေ လျော့နည်းလာတာဖြစ်တယ်လို့ စားသုံးဆီဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Related News

Most Read