Homeပြည်တွင်းသတင်းဇွန်လအတွင်း ရန်ကုန်မှာ စစ်အုပ်စုက လူ ၅၇ ဦး မတရားဖမ်းဆီး

ဇွန်လအတွင်း ရန်ကုန်မှာ စစ်အုပ်စုက လူ ၅၇ ဦး မတရားဖမ်းဆီး

၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်းမှာ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရသူတွေထဲက လူ ၅၇ ဦးရဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအထဲက ၃၅ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးဘူးလို့ Rangoon Scout Network (RSN) က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူ ၅၇ ဦးအနက် ၁၁ ဦးကို စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၁၁ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင်တွေဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကျန်တဲ့ ၃၅ ဦးကတော့ ဖမ်းဆီးခံရပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ၊ အကျဉ်းထောင် ဒါမှမဟုတ် စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခံရသလားဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရှိရသေးပါဘူး။

ဖမ်းဆီးခံရသူတွေထဲမှာ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၁၅ ဦး၊ လမ်းနဲ့ အများပြည်သူသွားလာရာနေရာတွေမှာ ရမ်းသမ်းဖမ်းဆီးခံရသူ ၁၃ ဦးနဲ့ ရှောင်တခင်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသူ ၂၉ ဦး ပါဝင်ပါတယ်။

သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၁၅ ဦးထဲမှာ စစ်မှုထမ်းစာရင်းအရ ဖမ်းဆီးခံရသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နှင်းဆီပန်းပန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတဦး၊ သတင်းထောက်တဦးနဲ့ CDM ကျောင်းဆရာမ ၂ ဦး ပါဝင်ပါတယ်။

ရမ်းသမ်းဖမ်းဆီးခံရသူ ၁၃ ဦးထဲမှာ လမ်းမပေါ်သွားလာနေချိန် ကားနဲ့ဆွဲတင်ဖမ်းဆီးခံရသူ ၉ ဦး၊ ကားမှတ်တိုင်မှာ ရှိနေချိန် ဖမ်းဆီးခံရသူ ၃ ဦးနဲ့ ကားလမ်းဘေးမှာ ထိုင်နေချိန် ဖမ်းဆီးခံရသူတဦး ပါဝင်ပါတယ်။

ရှောင်တခင်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသူ ၂၉ ဦးထဲမှာ ဧည့်စာရင်းရက်ကျော်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၁၇ ဦး ရှိပါတယ်။

ဒါ့အပြင် လမ်းမပေါ်မှာ လမ်းလျှောက်သွားလာနေချိန် ရုတ်တရက်တားဆီးပြီး လက်ကိုင်ဖုန်းစစ်ဆေးကာ ဖမ်းဆီးခံရသူ ၆ ဦး၊ လေယာဉ်ကို ဓာတ်ပုံရိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၂ ဦးနဲ့ ဘတ်စ်ကားပေါ် တက်ရောက်ဖမ်းဆီးခံရသူတဦး ပါဝင်ပါတယ်။

စက်ဘီး ဒါမှမဟုတ် ဆိုင်ကယ်နဲ့ သွားလာနေချိန် တားဆီးစစ်ဆေးပြီး မသင်္ကာဘူးဆိုကာ ဖမ်းဆီးခံရသူ ၂ ဦးနဲ့ ကားကိုတားစစ်ရာမှာ မှတ်ပုံတင်မပါဘူးဆိုပြီး ဖမ်းဆီးခံရသူတဦးလည်း ပါဝင်ပါတယ်။

ရှောင်တခင်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသူ ၂၉ ဦးထဲက ၃ ဦးဟာ ငွေပေးပြီး ပြန်လွတ်လာခဲ့ပေမယ့် ကျန်တဲ့ ၂၆ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဇွန်လအတွင်း ရန်ကုန်တိုင်းက မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ အဖမ်းအဆီးဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဲဒီမြို့နယ်တွေကတော့ စမ်းချောင်း၊ လှိုင်၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ လှည်းကူး၊ တောင်ဒဂုံ၊ တာမွေ၊ မြောက်ဒဂုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့ ဖြစ်ပါတယ်။

မြို့နယ်စာရင်းကို ဖမ်းဆီးခံရသူအရေအတွက် အများဆုံးကနေ အနည်းဆုံးအထိ အစဉ်လိုက်ဖော်ပြထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စစ်မှုထမ်းသင်တန်းအတွက် ဖမ်းဆီးခံရတယ်လို့ သိရှိရသူ ၁၃ ဦး ရှိပြီး အဲဒီအထဲက ၈ ဦးကို စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခဲ့တာ အတည်ပြုနိုင်ခဲ့ပါတယ်။

ကျန်တဲ့ ၅ ဦးကို ဘယ်နေရာပို့ဆောင်ခဲ့သလဲဆိုတဲ့ နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးပါဘူး။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေကို ရန်ကုန်တိုင်းအတွင်းက စစ်သင်တန်းကျောင်းတွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့က စစ်သင်တန်းကျောင်းဆီ ပို့ဆောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိတယ်လို့ သိရပါတယ်။

မြို့နယ်အသီးသီးကနေ စစ်မှုထမ်းဖို့ စုဆောင်းထားသူတွေကို စစ်ကားကြီးတွေနဲ့ ဘုရင့်နောင်စစ်ကြောရေးစခန်းဆီ ပို့ဆောင်ခဲ့ပြီး ဇွန်လ ၂၈ ရက်မှာ စစ်မှုထမ်းသင်တန်းကျောင်းအသီးသီးဆီ ထပ်မံပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုကလည်း စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၆ ကို ဇွန်လ ၂၉ ရက်မှာ စတင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

ဒီစာရင်းမှာ ကျားဖြန့်လုပ်ငန်း၊ ဓားချွန်နဲ့ စကေဘာဓားကိုင်ဆောင်မှု၊ လောင်းကစားမှု၊ ဖောက်ထွင်းမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လျှပ်စစ်မီးခိုးယူသုံးစွဲမှုနဲ့ ယာဉ်ရပ်နားခ ခိုးကောက်မှုတို့နဲ့ ဖမ်းဆီးခံရသူတွေကို ထည့်သွင်းတွက်ချက်ထားတာ မရှိပါဘူး။

ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီး ရန်ကုန်မှာ လာရောက်ရှောင်ပုန်းသူ၊ အမေရိကန်စီးပွားရေးသမားတဦး ဖမ်းဆီးခံရမှုနဲ့ လူပျောက်ဖြစ်စဉ်တွေကိုလည်း ဒီစာရင်းထဲ ထည့်သွင်းတွက်ချက်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ RSN ဆီ ပေးပို့လာတဲ့ သတင်းတွေ၊ ချိတ်ဆက်အဖွဲ့အစည်းတွေဆီက ရရှိတဲ့ အချက်အလက်တွေနဲ့ အများပြည်သူသိရှိနိုင်တဲ့ သတင်းအချက်အလက်တွေကို စုစည်းတွက်ချက်ထားတာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေဟာ အခုဖော်ပြထားတာထက် ပိုမိုဆိုးရွားနိုင်တယ်လို့ သတိပေးထားပါတယ်။

Related News

Most Read