၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
လာမယ့် ဇူလိုင် ၂၆ ရက်ကနေ သြဂုတ် ၂ ရက်အထိ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဒေသအများစုမှာ မိုးဆက်တိုက်ရွာနိုင်ပြီး အချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်း ထုတ်ပြန်တဲ့ သတိပေးချက်အရ သိရပါတယ်။
လတ်တလော မုတ်သုံလေအားကောင်းလာနိုင်တာနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်မသက် ဖြစ်ပေါ်လာနိုင်တာကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေအထိ ရှိနိုင်သလို လေတိုက်နှုန်းကလည်း တစ်နာရီကို ၃၀ မိုင်ကနေ ၃၅ မိုင်အထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် တောင်ကုန်းဒေသနဲ့ မြစ်၊ ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားကြဖို့၊ ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။
အခုရက်ပိုင်း ရန်ကုန်အပါအဝင် ဒေသအများစုမှာ မိုးရက်ဆက်ရွာသွန်းနေသလို မကြာခဏ လေပြင်းတိုက်ခတ်တာတွေကြောင့် နှစ်ရှည်သစ်ပင်တွေ ပြိုလဲတာ၊ ဓာတ်တိုင်တွေ လဲကျတာအပြင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကို ဒေသတွင်းသတင်းတွေအရ တွေ့ရပါတယ်။


