Homeပြည်တွင်းသတင်းဗီယက်နမ်က အိမ်ရှင်အဖြစ်ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေမှာ နေပြည်တော်အစိုးရ ပါဝင်ဖို့ ဆွေးနွေး

ဗီယက်နမ်က အိမ်ရှင်အဖြစ်ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေမှာ နေပြည်တော်အစိုးရ ပါဝင်ဖို့ ဆွေးနွေး

၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် CLMV နဲ့ ACMECS ဒေသတွင်းထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရ ပါဝင်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်သစ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဗီယက်နမ်သံအမတ်သစ် ငုယင်အန်းဒွတ်က ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ နေပြည်တော် သမ္မတအိမ်တော်မှာ မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရေး တိုးမြှင့်ဖို့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တဲ့ CLMV ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးနဲ့ ဧရာဝတီ–ကျောက်ဖရား–မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့ ACMECS ထိပ်သီးအစည်းအဝေးတွေကို ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနဲ့ နေပြည်တော်အစိုးရ ပါဝင်တက်ရောက်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။

လူထုအချင်းချင်းဆက်ဆံရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့၊ နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ အဆင့်မြင့်အရာရှိတွေ အပြန်အလှန်သွားရောက်ဖို့၊ လွှတ်တော်ဆိုင်ရာနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်ဘက်က ထုတ်ပြန်ချက်မှာတော့ စစ်တပ်ကျောထောက်နောက်ခံအစိုးရနဲ့ ရွေးကောက်ပွဲအပေါ် ဗီယက်နမ်ဘက်က ထောက်ခံပြောဆိုခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဗီယက်နမ်အစိုးရရဲ့ သီးခြားထုတ်ပြန်ချက်ကို မတွေ့ရသေးပါဘူး။

ပုံစာ – မကြာသေးခင်က ခန့်အပ်ခဲ့သော ဗီယက်နမ်သံအမတ်နဲ့ အဖွဲ့နှင့်စစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်သမ္မတ မင်းအောင်လှိုင်တို့ကို တွေ့ရစဉ်

Related News

Most Read