၇ ဇွန် ၂၀၂၆ | New Day Myanmar
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ နေပြည်တော်ကို ဘက်ပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်လျက်ရှိပြီး ပဲခူးတိုင်း ဆွာမြို့နယ်နဲ့ မကွေးတိုင်း နတ်မောက်မြို့နယ်တို့မှာ စစ်အုပ်စုတပ်စခန်းတွေနဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၈)၊ ဗျူဟာ (၁၉) နဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက ဆွာမကြီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း G-3 သေနတ် ၁၁ လက်၊ MA-3 နဲ့ MA-11 သေနတ်တွေ၊ ပစ္စတို ၁ လက်၊ ခဲယမ်းမီးကျောက် ၁,၀၀၀ ကျော်၊ ဗုံးသီးတွေ၊ မိုင်းတွေ၊ စားနပ်ရိက္ခာ အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇွန်လ ၄ ရက်နေ့ ညပိုင်းမှာ မကွေးတိုင်း နတ်မောက်မြို့နယ် ကွင်းကြီးကျေးရွာအနီးရှိ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို ဗျူဟာ (၁၇) လက်အောက်ခံ တပ်ရင်း (၉၀၂) နဲ့ (၉၀၃) တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် အရာရှိတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
NUG PDF စစ်ရုံးချုပ်ကတော့ စစ်အုပ်စုတပ်တွေဟာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပွားနေသလို လူသားဒိုင်းအသုံးပြုမှုတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဆွာနဲ့ ရေတာရှည်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို နည်းလမ်းမျိုးစုံနဲ့ ကူညီပံ့ပိုးပေးကြဖို့ ပြည်သူတွေကို NUG PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။


