၂၈ မေ ၂၀၂၆ | New Day Myanmar
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး များစွာစိုးရိမ်ပူပန်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ ကန့်ကွက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သဝဏ်လွှာကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မေ ၂၇ ရက်စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။
သဝဏ်လွှာထဲမှာ “မြန်မာပြည်သူလူထုအတွက် များစွာစိုးရိမ်ပူပန်ဖွယ်ရာဖြစ်စေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံကို လာရောက်မယ့် ခရီးစဉ်သတင်းများနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်ပူပန်မိပါတယ်” လို့ ဖော်ပြထားပါတယ်။
NUG ဘက်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခတွေကို ခံစားနေရတယ်လို့ ထောက်ပြထားပြီး အဲဒီလိုအခြေအနေမှာ စစ်ကော်မရှင်ကို နိုင်ငံရေးအရ တရားဝင်မှုပေးသလို ရှုမြင်နိုင်တဲ့ ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျင်းပမယ့် ဘယ်လိုရွေးကောက်ပွဲမျိုးမဆို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ တရားဝင်မှုကို ကျော်လွန်နိုင်မှာမဟုတ်သလို စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲမျိုးကို အိန္ဒိယနိုင်ငံအနေနဲ့ မထောက်ခံဖို့လည်း တောင်းဆိုထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးတို့ကို ရေရှည်လက်ကိုင်ထားခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ပုံမှန်လို ဖြစ်သွားစေမယ့် ထိတွေ့ဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို သေချာစွာ စဉ်းစားပေးဖို့ NUG က အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာဏာကို အဓမ္မလုယူပြီး ထူထောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ စံနမူနာဆိုးကို အားမပေးဖို့လည်း အလေးအနက် မေတ္တာရပ်ခံထားပါတယ်။
သဝဏ်လွှာမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရေရှည်ချစ်ကြည်ရေးဟာ နိုင်ငံအချင်းချင်း ဆက်ဆံရေးထက် ပြည်သူအချင်းချင်းကြားက နက်ရှိုင်းတဲ့ သံယောဇဉ်တွေအပေါ် အခြေခံနေတာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီတန်ဖိုးတွေ၊ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် လေးစားမှုတွေနဲ့သာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။
NUG ဘက်က အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီအခြေခံမူတွေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို အလေးထားတဲ့ နည်းလမ်းမျိုးနဲ့သာ ဆက်လက်ထိတွေ့ဆက်ဆံပေးဖို့ တိုက်တွန်းထားပြီး လက်ရှိလို အရေးကြီးတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးတာဟာ နောင်အနာဂတ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့လည်း ဖော်ပြထားပါတယ်။


