Homeအထူးသတင်းအမေရိကန်-အီရန် တင်းမာမှု ပြန်မြင့်တက်လာပြီးနောက် ကမ္ဘာ့ရေနံဈေး ၂ ရာခိုင်နှုန်းကျော် မြင့်တက်

အမေရိကန်-အီရန် တင်းမာမှု ပြန်မြင့်တက်လာပြီးနောက် ကမ္ဘာ့ရေနံဈေး ၂ ရာခိုင်နှုန်းကျော် မြင့်တက်

၂၈ မေ ၂၀၂၆ | New Day Myanmar

အီရန်စစ်ဘက်ဆိုင်ရာ နေရာတစ်ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မေ ၂၈ ရက်နေ့မှာ ၂ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အီရန်နိုင်ငံအတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် ကုန်သွယ်ရေးသင်္ဘောလိုင်းတွေ ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပြန်လည်မြင့်တက်လာပြီးနောက် ရေနံဈေးကွက်မှာ အခုလို ဂယက်ရိုက်ခတ်လာတာဖြစ်ပါတယ်။

Brent ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀ မြင့်တက်ခဲ့ပြီး ၉၆ ဒသမ ၁၉ ဒေါ်လာအထိ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဝါရှင်တန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန် ဒရုန်းထိန်းချုပ်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် အီရန်တော်လှန်ရေးအစောင့်တပ် IRGC ဘက်ကလည်း အမေရိကန်လေတပ်စခန်းတစ်ခုကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးကတော့ အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်တိုက်ခိုက်ရေးဒရုန်း ၄ စင်းနဲ့ ပဉ္စမမြောက်ဒရုန်းတစ်စင်း ပစ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းမြို့အနီးရှိ ထိန်းချုပ်ရေးစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

IRGC ဘက်ကတော့ ဘန်ဒါအဘတ်စ်မြို့လေဆိပ်အနီးကို အမေရိကန်ဘက်က တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်လေတပ်စခန်းကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရန်လိုမှုတွေ ပြန်လည်မြင့်တက်လာတာဟာ ဧပြီလအစောပိုင်းက စတင်အသက်ဝင်ခဲ့တဲ့ မခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ထပ်မံအန္တရာယ်ဖြစ်လာစေပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိဖို့ မျှော်လင့်ချက်တွေကိုလည်း မှေးမှိန်သွားစေခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကူဝိတ်နိုင်ငံက ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်နေတယ်လို့ ထုတ်ပြန်ထားပေမယ့် တိုက်ခိုက်မှုတွေ ဘယ်နေရာက လာတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ကူဝိတ်နိုင်ငံဟာ အမေရိကန်လေတပ်စခန်းကြီးတစ်ခု တည်ရှိရာနိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အစ္စရေးဘက်ကလည်း နိုင်ငံမြောက်ပိုင်းမှာ ရန်သူ့လေယာဉ် လှုပ်ရှားမှုတွေကြောင့် အရေးပေါ် အချက်ပေးသံတွေ မြည်ဟီးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး လက်ဘနွန်တောင်ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး