၂၈ မေ ၂၀၂၆ | New Day Myanmar
မြန်မာစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ကို စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ လူ့အခွင့်အရေးအဖွဲ့တွေက တရားဝင် တိုင်ကြားတောင်းဆိုလိုက်ပါတယ်။
Blood Money Campaign (Myanmar/Burma) နဲ့ Campaign for a New Myanmar တို့ဟာ မေ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာ တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးပိုင်းကနေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူတွေ (UN Guiding Principles on Business and Human Rights) နဲ့ OECD ရဲ့ နိုင်ငံစုံကုမ္ပဏီများဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၉၃,၀၀၀ နီးပါး သေဆုံးစေခဲ့ပြီး လူ ၂၀,၀၀၀ ကျော်ကို မတရားဖမ်းဆီးထားသလို လေကြောင်းတိုက်ခိုက်မှု ၇,၂၀၁ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရတနာ၊ ဇောတိကနဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းရာ တနင်္သာရီတိုင်းအတွင်းမှာလည်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ပြီး လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ် ဧပြီလအထိ တနင်္သာရီတိုင်းအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၂၅၃ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၃ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေဖန်တီးပေးနေပြီး အဲဒီငွေတွေဟာ စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ထောက်ပံ့နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ PTTEP ဟာ ရတနာနဲ့ ဇောတိက စီမံကိန်းတွေမှာ ထုတ်လုပ်မှုတိုးချဲ့ဖို့နဲ့ အောင်သိင်္ခ စီမံကိန်းအသစ် စတင်နိုင်ဖို့ စစ်အုပ်စုနဲ့ ဆွေးနွေးနေတယ်လို့လည်း စွပ်စွဲထားပါတယ်။ Northern Gulf Petroleum ရဲ့ လက်အောက်ခံ Gulf Petroleum Myanmar ကလည်း မင်းရဲသူ စီမံကိန်းအတွက် MOGE နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
တိုင်ကြားစာမှာတော့ ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တရားဝင်စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့၊ သဘာဝဓာတ်ငွေ့ဝင်ငွေတွေကို စစ်အုပ်စု အသုံးမပြုနိုင်တဲ့ escrow account တွေထဲ ထည့်သွင်းထားဖို့၊ မြန်မာ့ဓာတ်ငွေ့ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရပ်ဆိုင်းဖို့နဲ့ လူ့အခွင့်အရေးအန္တရာယ်မြင့်မားတဲ့ လုပ်ငန်းတွေကနေ တာဝန်ယူမှုရှိရှိ ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။
Blood Money Campaign အဖွဲ့မှ Mulan က “PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုရဲ့ နေ့စဉ် စစ်ရာဇဝတ်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ပေးချေနေတာပါ” လို့ ပြောပါတယ်။
Campaign for a New Myanmar ရဲ့ Senior Policy Advisor ဖြစ်သူ Keel Dietz ကလည်း “မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘဲ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ပုံစာ – ထိုင်း PTTEP က တာဝန်ရှိသူတွေနဲ့ မြန်မာစစ်တပ် လက်အောက်ခံ အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးတို့ ၂၀၂၆ မေလ ဒုတိယပတ်အတွင်းက တွေ့ဆုံနေစဉ်


