Homeပြည်တွင်းသတင်းမလေးရှားရှိ ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာစစ်အုပ်စုသဘောတူ

မလေးရှားရှိ ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာစစ်အုပ်စုသဘောတူ

၃၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၅,၀၀၀ ကို ကနဦးအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် မြန်မာဘက်က ပထမအသုတ် ရိုဟင်ဂျာ ၅,၀၀၀ ကို လက်ခံဖို့ သဘောတူခဲ့တာဖြစ်ပြီး ရေရှည်ဖြေရှင်းချက်ရရှိရေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ အန်ဝါက ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့် မြန်မာဘက်က ယခင်က လက်ခံလိုခြင်းမရှိခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာပြီးနောက် အခုလို သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ပြန်ပို့မယ့် ရိုဟင်ဂျာတွေကို ဘယ်လိုရွေးချယ်မယ်၊ ဘယ်အချိန်မှာ စတင်ပို့ဆောင်မယ်၊ သူတို့ရဲ့ ဆန္ဒအလျောက် ပြန်ပို့မှာလား၊ ရခိုင်ပြည်နယ်မှာ လုံခြုံရေးနဲ့ နေထိုင်ခွင့်အာမခံချက်တွေ ဘယ်လိုပေးမယ်ဆိုတာကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မလေးရှားအစိုးရရဲ့ အစောပိုင်းထုတ်ပြန်ချက်တွေမှာတော့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ “မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်” ကို မြန်မာဘက်က လက်ခံဖို့ အသင့်ဖြစ်ချိန်မှာ မလေးရှားရေတပ်သင်္ဘောတွေနဲ့ ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ အန်ဝါရဲ့ နောက်ဆုံးပြောဆိုချက်မှာတော့ အဲဒီလူ ၅,၀၀၀ ကို ရိုဟင်ဂျာဒုက္ခသည်တွေလို့ သတ်မှတ်ပြောဆိုထားတာကြောင့် ပြန်ပို့မယ့်သူတွေရဲ့ အခြေအနေကို မလေးရှားအစိုးရက ထပ်မံရှင်းလင်းဖို့ လိုအပ်နေပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ သုံးသိန်းခန့်ကိုလည်း ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူထားကြောင်း အန်ဝါက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်အတွက် အချိန်ဇယားနဲ့ အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို ထုတ်ပြန်ခြင်းမရှိသေးသလို မြန်မာစစ်အုပ်စုဘက်ကလည်း အန်ဝါရဲ့ ပြောဆိုချက်ကို လူသိရှင်ကြား အတည်ပြုထားခြင်း မရှိသေးပါဘူး။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေကို ပြန်ပို့ရာမှာ ကာယကံရှင်တွေရဲ့ ဆန္ဒအလျောက်ဖြစ်ပြီး ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ ရေရှည်တည်တံ့မှုတို့ကို အာမခံရမယ်လို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုအကျပ်အတည်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လက်ရှိအခြေအနေဟာ လုံခြုံစွာပြန်လာနိုင်မယ့် အခြေအနေမဟုတ်သေးဘူးလို့လည်း သတိပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့် နေထိုင်နေပါတယ်။

Related News

Most Read