၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar
မလေးရှားနိုင်ငံ မလက္ကာမြို့မှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာ တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေချိန် ထွက်ပြေးရန် ကြိုးစားစဉ် ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာမှာ နေထိုင်သူ မခက်ကေခိုင် အသက် ၃၈ နှစ်ဖြစ်ပြီး မလေးရှားနိုင်ငံ မလက္ကာမြို့မှာ နေထိုင်အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၆ ရက်က မခက်ကေခိုင် နေထိုင်ရာ ရပ်ကွက်အတွင်း တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေချိန် သူမဟာ လွတ်ရာလွတ်ကြောင်း အခြားနေအိမ်တခုဆီ ကူးသွားရန် ကြိုးစားခဲ့တာလို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က ဆိုပါတယ်။
အဲဒီလို ကူးသွားရာမှာ သူမနေထိုင်ရာနေအိမ်နဲ့ အခြားနေအိမ်ကြား ဆက်သွယ်ထားတဲ့ သံချောင်းပေါ်ကနေ လမ်းလျှောက်သွားစဉ် ခြေချော်ပြုတ်ကျခဲ့ပြီး မလက္ကာမြို့ဆေးရုံကြီးမှာ ဇူလိုင် ၆ ရက်က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ကျန်ရစ်တဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံမှုအရ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မိသားစုဝင်တွေရဲ့ ဆန္ဒအရ ဇူလိုင် ၁၁ ရက်မှာ မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ်၊ ကာချမ်းမြို့ရှိ Ta Fook Funeral Service မှာ မေတ္တာပို့ အမျှပေးဝေပွဲ ပြုလုပ်ပြီး ဇူလိုင် ၁၂ ရက်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကို ပြန်လည်ပို့ဆောင်ရန် စီစဉ်နေတယ်လို့ အသင်းဘက်က ထုတ်ပြန်ထားပါတယ်။


