Homeပြည်တွင်းသတင်းမြန်မာကို အထီးကျန်မထားဘဲ ဆက်လက်ဆွေးနွေးမည်ဟု မလေးရှားပြော

မြန်မာကို အထီးကျန်မထားဘဲ ဆက်လက်ဆွေးနွေးမည်ဟု မလေးရှားပြော

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံကို ပိုမိုအထီးကျန်မသွားစေဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံဦးဆောင်တဲ့ ကြိုးပမ်းမှုတွေအောက်မှာ ဆက်လက်ထိတွေ့ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆွေးနွေးနေတာဟာ ငြိမ်းချမ်းရေးနဲ့ လက်ရှိအကျပ်အတည်းဖြေရှင်းရေးအတွက် တိုးတက်မှုရရှိလာအောင် အားပေးဖို့နဲ့ ဒီလုပ်ငန်းစဉ်မှာ အာဆီယံရဲ့ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံကို ဒီထက်ပိုပြီး အထီးကျန်သွားစေချင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး၊ ဆွေးနွေးမှုတွေ ဆက်လက်ထားရှိပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားရပါမယ်” လို့ မိုဟာမက် ဟာဆန်က ပြောပါတယ်။

ဆက်သွယ်မှုတွေ ပြတ်တောက်သွားရင် အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်တဲ့ ကိုယ်ကျိုးစီးပွားရှိသူတွေနဲ့ ပြင်ပအင်အားစုတွေ ဝင်ရောက်လာနိုင်တဲ့ လစ်ဟာမှုတစ်ခု ပေါ်ပေါက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

မလေးရှားရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ် ဝီလျံ လီယောင်ဂျီကင်က မေးမြန်းခဲ့တာကို မိုဟာမက် ဟာဆန်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဟာဆန်ဟာ မေလ ၁၉ ရက်က နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်အုပ်စုကျောထောက်နောက်ခံအစိုးရရဲ့ အသစ်ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေက နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံနဲ့ အလွတ်သဘော ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အဲဒီခရီးစဉ်ကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေ၊ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးရရှိအောင် အာဆီယံက ကူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားက ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်က ပြုလုပ်ခဲ့တဲ့ ဆက်သွယ်မှုတွေနဲ့ နှိုင်းယှဉ်ရင် အခုတစ်ကြိမ်မှာ မြန်မာဘက်က တင်ပြချက်တွေအပေါ် ပိုမိုဖွင့်ဟလက်ခံလာတာ တွေ့ရတယ်လို့ မိုဟာမက် ဟာဆန်က ပြောပါတယ်။

မလေးရှားအနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ချဉ်းကပ်မှုကို ပံ့ပိုးဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအဖွဲ့အစည်းအသီးသီးနဲ့လည်း ဆက်လက်ထိတွေ့ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ထိတွေ့ဆွေးနွေးမှုတွေဟာ အလွတ်သဘောဖြစ်နေရင်တောင် မြန်မာ့အရေးမှာ အာဆီယံရဲ့ အဓိကအခန်းကဏ္ဍ မပျောက်ဆုံးစေဖို့နဲ့ ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားနိုင်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရှိ အာဏာပိုင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံးကို အကြမ်းဖက်မှုတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထောက်ခံကြဖို့ မလေးရှားက ဆက်လက်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးပို့ရေးတို့ ပါဝင်ပေမယ့် လက်ရှိအချိန်အထိ ထင်ရှားတဲ့တိုးတက်မှု မရရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read