Homeပြည်တွင်းသတင်းအိန္ဒိယမှာ မုတ်သုံလေတန့်နေလို့ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ မိုးကြီးနိုင်

အိန္ဒိယမှာ မုတ်သုံလေတန့်နေလို့ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ မိုးကြီးနိုင်

၂၅ ဇွန် ၂၀၂၆ | New Day Myanmar

အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ အနောက်တောင်မုတ်သုံလေ ရှေ့မတိုးနိုင်ဘဲ တန့်နေတာကြောင့် မြန်မာနိုင်ငံရဲ့ မိုးလေဝသအခြေအနေအပေါ် ထူးခြားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဇွန်လ ၂၄ ရက် ထုတ်ပြန်ချက်အရ မုတ်သုံလေဟာ အိန္ဒိယဘက်ကို ဆက်မတက်နိုင်ဘဲ တန့်နေတာကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေစီးကြောင်းတွေ မြန်မာနိုင်ငံဘက်ကို ပိုမိုဝင်ရောက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးအဆက်မပြတ် ရွာသွန်းနိုင်သလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းနဲ့ နီးစပ်တဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေလည်း ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

ဒီအခြေအနေကြောင့် မိုးဦးနဲ့ မိုးလယ်ကာလအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးပြီး မြစ်ရေ၊ ချောင်းရေမြင့်တက်တာတွေ ဖြစ်နိုင်လို့ သတိထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာတော့ မုတ်သုံလေစီးကြောင်းရဲ့ ဝင်ရိုးဟာ ပုံမှန်ထက် တောင်ဘက်ကို နိမ့်ဆင်းနေတာကြောင့် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း မိုးရွာမှာမဟုတ်ဘဲ ကမ်းရိုးတန်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးပိုများနိုင်ပြီး အလယ်ပိုင်း အပူပိုင်းဇုန်နဲ့ မြောက်ပိုင်းအစွန်းဒေသတွေမှာတော့ မိုးရွာရက်နည်းတာ၊ မိုးပြတ်တာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံလေ ပိုအားကောင်းလာနိုင်တဲ့အတွက် မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေအနေနဲ့ မိုးကြီးတာ၊ မိုးသက်လေပြင်းတိုက်တာ၊ ရေကြီးရေလျှံတာတွေကို အထူးသတိထား စောင့်ကြည့်ကြဖို့ ဦးဝင်းနိုင်က နှိုးဆော်ထားပါတယ်။

ဆက်စပ် သတင်းများ

Most Read