Homeပြည်တွင်းသတင်းမြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၀ ပေအထိရှိနိုင်ဟု မိုး/ဇလ သတိပေး

မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၀ ပေအထိရှိနိုင်ဟု မိုး/ဇလ သတိပေး

၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအမြင့် ၁၀ ပေအထိ ရှိနိုင်တာကြောင့် ရေယာဉ်တွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မိုးသက်လေပြင်းကျချိန်မှာ ရေပြင်နဲ့ မြေပြင်လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိရှိနိုင်ပြီး လှိုင်းအမြင့်က ၈ ပေကနေ ၁၀ ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ ဇူလိုင်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့ မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး သတိထားသွားလာကြဖို့ နှိုးဆော်ထားပါတယ်။

ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာနိုင်ငံမှာ မုတ်သုံလေအားကောင်းလာနိုင်သလို ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။

အဲဒီအခြေအနေတွေကြောင့် နိုင်ငံတဝန်း နေရာအများအပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့အပြင် ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ ရုတ်တရက်ရေကြီးတာ၊ မြို့ပြရေလျှံတာ၊ မြေပြိုတာနဲ့ လေပြင်းတိုက်ခတ်တာလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် တောင်ခြေနဲ့ မြစ်ချောင်းအနီး နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ မိုး/ဇလက သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most Read