Homeပြည်တွင်းသတင်းမုတ်သုံလေအားကောင်း၍ ရန်ကုန်အပါအဝင် ဒေသ ၆ ခုမှာ မိုးကြီးပြီး မိုးသက်လေပြင်း တိုက်ခတ်နိုင်

မုတ်သုံလေအားကောင်း၍ ရန်ကုန်အပါအဝင် ဒေသ ၆ ခုမှာ မိုးကြီးပြီး မိုးသက်လေပြင်း တိုက်ခတ်နိုင်

၁၇ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းစွာ ဝင်ရောက်နေတာကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မိုးကြီးနိုင်တဲ့ ဒေသတွေထဲမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်လို့ မိုးဇလက ဆိုပါတယ်။

မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်မှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားကြဖို့ အသိပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။

ဒါကြောင့် ကမ်းရိုးတန်းဒေသနေပြည်သူတွေ၊ ရေလုပ်သားတွေနဲ့ ရေကြောင်းသွားလာသူတွေအနေနဲ့ မိုးလေဝသအခြေအနေကို စောင့်ကြည့်ပြီး ကြိုတင်သတိထားပြင်ဆင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ယနေ့ ဇွန်လ ၁၇ ရက် မနက်ပိုင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်တက္ကသိုလ် ဓမ္မာရုံအနီး သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး