Homeပြည်တွင်းသတင်းရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်မှာ လာမယ့်နာရီပိုင်းအတွင်း မိုးသက်လေပြင်းနဲ့ လျှပ်တစ်ပြက်ရေကြီးနိုင်လို့ အထူးသတိပြုဖို့လို

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်မှာ လာမယ့်နာရီပိုင်းအတွင်း မိုးသက်လေပြင်းနဲ့ လျှပ်တစ်ပြက်ရေကြီးနိုင်လို့ အထူးသတိပြုဖို့လို

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လာမယ့်နာရီပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာရွာတာနဲ့ လျှပ်တစ်ပြက်ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အထူးသတိပြုကြဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ ဇွန် ၂၄ ရက် မွန်းလွဲပိုင်းမှာ သတိပေးထားပါတယ်။

ဂြိုဟ်တုပုံရိပ် (Nowcast) တွေအရ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း အားကောင်းတဲ့ မိုးတိမ်တောင်တိုက်ကြီးတွေ အများအပြား ဖြစ်ထွန်းနေပြီး ပြင်းထန်တဲ့ မိုးလေဝသအခြေအနေတွေ ချက်ချင်းဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းတစ်ခုလုံးအပြင် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းတွေမှာလည်း မိုးတိမ်တောင်တိုက်ကြီးတွေ သိပ်သည်းစွာ ဖုံးလွှမ်းနေတဲ့အတွက် မိုးသည်းထန်စွာရွာတာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာတွေနဲ့အတူ မိုးသက်လေပြင်းတွေ ပြင်းထန်စွာ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြို့ပြဒေသတချို့မှာ ရေစီးရေလာမကောင်းတဲ့နေရာတွေကို အဓိကထားပြီး လျှပ်တစ်ပြက်ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကာလကတ္တားမြို့အနီး၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွေမှာတော့ အထက်လေပွေလှိုင်းကြောင့် ပိုမိုအားကောင်းလာတဲ့ တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျတာနဲ့ လှိုင်းကြီးတာတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးအသင့်အတင့်ကနေ မိုးကြီးနိုင်ပြီး တနင်္သာရီတိုင်းမှာတော့ တိမ်အသင့်အတင့်သာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်ပတ်ဝန်းကျင်က တိမ်တိုက်တွေဟာ အလျင်အမြန် ရွေ့လျားအားကောင်းနေတဲ့အတွက် လာမယ့်နာရီပိုင်းအတွင်း မိုးလေဝသအခြေအနေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိုးသက်လေပြင်း၊ မိုးကြိုးပစ်တာနဲ့ ရေကြီးရေလျှံမှု အန္တရာယ်တွေကို အထူးဂရုပြုကြဖို့လိုအပ်ပြီး ရေကြောင်း၊ လေကြောင်းသွားလာနေသူတွေအနေနဲ့လည်း သက်ဆိုင်ရာ သတိပေးချက်တွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most Read