ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
ရန်ကုန်မှာ ဩဂုတ် ၉ ရက်ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ ဆေးရုံတက်ကုသရသူ ၅၀၀ ရှိလာပြီး အဲဒီထဲက ၁၄၉ ဦးမှာ ကာလဝမ်းရောဂါပိုး အမြန်စစ်ဆေးချက် ပေါ့စတစ်တွေ့ခဲ့တယ်လို့ စစ်အုပ်စုရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးဘိုဌေးက ဩဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
ကာလဝမ်းရောဂါပိုး ပေါ့စတစ်တွေ့တဲ့ ၁၄၉ ဦးထဲက ၉ ဦးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက Vibrio cholerae ပိုးရှိကြောင်း တရားဝင်အတည်ပြုထားပါတယ်။ ဒီပြောဆိုချက်ဟာ ရန်ကုန်မှာ ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း အာဏာပိုင်ဘက်က ပထမဆုံး တရားဝင်အတည်ပြုတာလည်း ဖြစ်ပါတယ်။
ဩဂုတ် ၁၃ ရက်တစ်ရက်တည်းမှာ လူနာအသစ် ၁၀၀ ကျော် ဆေးရုံတက်ခဲ့ရပေမယ့် အဲဒီနောက်ပိုင်း လူနာအသစ်တက်ရောက်မှု အနည်းငယ်လျော့ကျလာတယ်လို့ ဦးဘိုဌေးက ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောပါတယ်။
ဒါ့အပြင် အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ ဆေးရုံတက်ပြီးနောက် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုလက်အောက်ခံ သတင်းထုတ်ပြန်ချက်မှာတော့ အဲဒီအမျိုးသားဟာ နှလုံးနဲ့ အဆုတ်ဆိုင်ရာ ရောဂါအခံတွေကြောင့် သေဆုံးတာဖြစ်တယ်လို့ ဆိုထားပြီး ကာလဝမ်းရောဂါနဲ့ တိုက်ရိုက်ဆက်စပ်သေဆုံးတာ ဟုတ်၊ မဟုတ်ကို အတည်မပြုထားပါဘူး။
ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့ အစားအစာ ဒါမှမဟုတ် ရေကတဆင့် ကူးစက်တတ်တဲ့ အူလမ်းကြောင်းရောဂါဖြစ်ပြီး အချိန်မီကုသမှုမရရင် နာရီပိုင်းအတွင်း ပြင်းထန်ရေဓာတ်ဆုံးရှုံးပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ WHO က ကာလဝမ်းရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအန္တရာယ်တစ်ရပ်အဖြစ် သတ်မှတ်ထားပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်ကျော်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာတွေ ဆက်တိုက်တိုးလာပြီးနောက် အခုလို ကာလဝမ်းရောဂါပိုး တွေ့ရှိမှုကို တရားဝင်အတည်ပြုလာတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း ထိခိုက်နေတဲ့ ဒေသတွေမှာ ရောဂါဖြစ်ပွားမှု စောင့်ကြည့်တာနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

