Homeပြည်တွင်းသတင်းရန်ကုန်မှာ ခိုးရာပါပစ္စည်းဈေးကွက် ကြောင့်ခိုးမှုတွေ ပိုများလာ

ရန်ကုန်မှာ ခိုးရာပါပစ္စည်းဈေးကွက် ကြောင့်ခိုးမှုတွေ ပိုများလာ

၄ ဩဂုတ် ၂၀၂၆ | New Day Myanmar

စီးပွားရေးအခြေအနေ ကျပ်တည်းလာတာနဲ့အမျှ ခိုးယူထားတဲ့ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကားအပိုပစ္စည်းတွေကို လွယ်လွယ်ကူကူ ပြန်လည်ရောင်းချနိုင်တဲ့ ဈေးကွက်တွေ ဆက်လက်ရှိနေတာဟာ လတ်တလော ရန်ကုန်မြို့အတွင်း ခိုးမှုတွေ ပြန်လည်များပြားလာရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ရန်ကုန်နေ ဒေသခံတွေက New Day Myanmar ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ခိုးရာပါပစ္စည်းတွေကို လမ်းဘေးအပိုပစ္စည်းဆိုင်အချို့နဲ့ အွန်လိုင်းအရောင်းအဝယ် Group တွေကတစ်ဆင့် အလွယ်တကူ ပြန်လည်ရောင်းချနိုင်နေတဲ့အတွက် ကျူးလွန်သူတွေက ပိုမိုရဲတင်းလာပြီး ခိုးယူမှုတွေကို ဆက်တိုက်ကျူးလွန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“အများစုက လူခြေတိတ်ပြီး လမ်းအသွားအလာနည်းတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ခိုးလေ့ရှိတယ်။ လမ်းဘေးမှာ ရပ်ထားတဲ့ စက်ဘီး၊ ဆိုင်ကယ်တွေကို သော့ဖျက်ခိုးတယ်။ ကားနောက်ကြည့်မှန်၊ ဘီးအဖုံးနဲ့ ကားအောက်ပိုင်းက အပိုပစ္စည်းတွေကို မိနစ်ပိုင်းအတွင်း ဖြုတ်ယူပြီး ထွက်ပြေးတာတွေ များလာတယ်” လို့ ကားနောက်ကြည့်မှန် ဖြုတ်ခိုးခံခဲ့ရသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် ခိုးယူသူအချို့ဟာ ဓားနဲ့ အခြားလက်နက်ငယ်တွေကိုပါ တစ်ပါတည်း သယ်ဆောင်သွားလေ့ရှိတာကြောင့် ဖြစ်စဉ်ကို တွေ့မြင်တဲ့ ပြည်သူတွေကတောင် အသက်အန္တရာယ် စိုးရိမ်ပြီး ဝင်ရောက်တားဆီးဖို့ မရဲကြတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ခိုးမှုတွေကို လျှော့ချနိုင်ဖို့ ခိုးရာပါပစ္စည်း လက်ခံဝယ်ယူရောင်းချနေတဲ့ ဆိုင်တွေနဲ့ အွန်လိုင်းအရောင်းအဝယ်ကွန်ရက်တွေကို ထိထိရောက်ရောက် စိစစ်အရေးယူဖို့၊ လုံခြုံရေးကင်းလှည့်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ညပိုင်းလုံခြုံရေးအစီအမံတွေကို အားကောင်းလာစေဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းတာအပြင် စစ်တပ်ရဲ့ စစ်မှုထမ်းဖမ်းဆီးမှုကို စိုးရိမ်တာကြောင့် ည ၉ နာရီဝန်းကျင်နောက်ပိုင်းမှာ ရန်ကုန်မြို့လယ်နဲ့ ဆင်ခြေဖုံးမြို့နယ်အများစုမှာ လူသွားလူလာ သိသိသာသာ နည်းပါးသွားတာကို တွေ့ရပါတယ်။

ခိုးယူလုယက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အပြင် မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာလည်း ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related News

Most Read