ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေကို မှတ်ပုံတင်အဆင့်အတန်းမရှိသူတွေအတွက် ထုတ်ပေးတဲ့ ၁၀ နှစ်ခံကတ်တွေ တရားမဝင်ပြုလုပ်ပေးခဲ့တဲ့ ကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်တွေက စီးနင်းဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်က အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီနေ့ ဩဂုတ် ၄ ရက်မှာ မဲဆောက်မြို့နယ်အတွင်း နေရာ ၂၅ ခုကို တပြိုင်နက် ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ ၁၇ ဦးထဲမှာ မဲဆောက်မြို့နယ် လက်ထောက်မှတ်ပုံတင်အရာရှိအပါအဝင် အစိုးရဝန်ထမ်း ၃ ဦး၊ နေအိမ်ပိုင်ရှင် ဒါမှမဟုတ် အာမခံပေးသူ ၂ ဦးနဲ့ တရားမဝင်ကတ်တွေကို ကိုင်ဆောင်အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၁၂ ဦး ပါဝင်ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ မဲဆောက်ဒေသက မှတ်ပုံတင်အရာရှိတချို့ဟာ ပွဲစားတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေကိုတောင်ပေါ်သား ကတ်လို့ခေါ်တဲ့ ကတ်တွေ တရားမဝင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီကတ်တွေကို ၁၀ နှစ်ခံကတ်လို့လည်း လူသိများပါတယ်။
စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၁၂ ဦးရဲ့ လက်ဗွေတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ သူတို့ဟာ မြန်မာနိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားပြီးသားဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ကနဦးစုံစမ်းချက်တွေအရ ကွန်ရက်နဲ့ ဆက်နွှယ်တဲ့ အစိုးရဝန်ထမ်းတွေက အလားတူကတ်ပေါင်း ၇၀၀ ကျော် ထုတ်ပေးခဲ့ပြီး လူတစ်ဦးကို ထိုင်းဘတ် ၄၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက ဒီလုပ်ငန်းကို မဲဆောက်နဲ့ တခြားဒေသတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင်မှတ်ပုံတင်ကတ် ထုတ်ပေးတဲ့ အလုပ်သမားအခြေအနေ ဖုံးကွယ်ပြောင်းလဲမှုကွန်ရက် အဖြစ် သတ်မှတ်ထားပြီး ဆက်စပ်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ပြောထားပါတယ်။


