Homeပြည်တွင်းသတင်းထိုင်းနယ်စပ်ကော်မတီနဲ့ မြန်မာစစ်တပ် မဲဆောက်မှာ တွေ့ဆုံ

ထိုင်းနယ်စပ်ကော်မတီနဲ့ မြန်မာစစ်တပ် မဲဆောက်မှာ တွေ့ဆုံ

၂၅ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းနယ်စပ်ကော်မတီ (TBC) တာဝန်ရှိသူတွေနဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေမတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရာချ်မနု အထူးတပ်ဖွဲ့ ဌာနချုပ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံမှုကို ထိုင်းဘက်မှ ရာချ်မနု အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး Chanakan Saengson ဦးဆောင်ပြီး မြန်မာဘက်မှ ခလရ (၂၇၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဟန်ဦး ဦးဆောင်တဲ့ အဖွဲ့တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နယ်စပ်ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ် ၅ ခုအနီး လုံခြုံရေးအခြေအနေတွေ၊ နယ်စပ်ရေးရာကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

TBC ကော်မတီဟာ ထိုင်းစစ်တပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ဒေသအဆင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအတွက် အသုံးပြုနေတဲ့ ယန္တရားတစ်ခုဖြစ်ပြီး နယ်စပ်ပြဿနာတွေကို မြေပြင်အဆင့်မှာ တိုက်ရိုက်ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။

ယခုတွေ့ဆုံမှုဟာ မတ်လ ၁၇ ရက်နေ့က ထိုင်းစစ်တပ်အကြီးအကဲများ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ပြုလုပ်လာတာဖြစ်ပြီး နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်နေတဲ့အခြေအနေဖြစ်ပါတယ်။

လက်ရှိမှာ မြဝတီ-ကော့ကရိတ် လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ နယ်စပ်ဒေသ ထိန်းချုပ်မှုအတွက် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ယခုလို တွေ့ဆုံမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး