Homeပြည်တွင်းသတင်းမဲဆောက်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ထိုင်း ၂ ဦးနဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ

မဲဆောက်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ထိုင်း ၂ ဦးနဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ

၂၄ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ တိုက်ခန်းအဆောက်အအုံတစ်ခုမှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၇ ဦး စုစုပေါင်း ၉ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးမှုကို ဇွန်လ ၂၃ ရက် မနက် ၈ နာရီခန့်မှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ မဲဆောက်ရဲစခန်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၃၆ နှစ်နဲ့ ၂၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦးအပြင် အသက် ၂၁ နှစ်ကနေ ၃၇ နှစ်အကြား မြန်မာနိုင်ငံသား ၇ ဦး ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားတချို့ဟာ အလုပ်လုပ်ခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသားမဟုတ်သူတွေအတွက် ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားတွေ ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။

သူတို့ကို တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း စီစဉ်ပြုလုပ်ခြင်း၊ လောင်းကစားလုပ်ဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကြော်ငြာဖိတ်ခေါ်ခြင်းနဲ့ တရားမဝင်လောင်းကစားမှာ ပါဝင်ခြင်းတို့နဲ့ ထိုင်းနိုင်ငံ လောင်းကစားဥပဒေ ပုဒ်မ ၁၂ အရ အမှုဖွင့်ထားပါတယ်။

ဖမ်းဆီးမှုကို မဲဆောက်မြို့၊ ဘန်ထုန်းလမ်းပေါ်ရှိ Mansion အမျိုးအစား တိုက်ခန်းအဆောက်အအုံတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ဆက်လက်စစ်ဆေးဖို့ မဲဆောက်ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းမှုအတွင်း ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးနဲ့ အဓမ္မပျောက်ဆုံးစေမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၂ ပါ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most Read