၂၄ ဇွန် ၂၀၂၆ | New Day Myanmar
ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်းစုံပူးပေါင်းပြီး နှိမ်နင်းကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပေမယ့် ထိုင်း–မြန်မာနယ်စပ်အနီး မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်စခန်းတွေမှာ လူ ၅,၃၀၀ ကျော် ပိတ်မိနေဆဲဖြစ်တယ်လို့ လူကုန်ကူးခံရသူများ ကူညီရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့အစည်းကွန်ရက် (CSNHTV) က ပိတ်မိနေသူတွေကို ကယ်တင်နိုင်ရေး အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့ထံ ဇွန်လ ၂၂ ရက်မှာ စာပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ပိတ်မိနေသူအများစုဟာ နိုင်ငံခြားသားတွေဖြစ်ပြီး DKBA ထိန်းချုပ်ရာဒေသအတွင်းရှိ ကျားဖြန့်စခန်း လေးခုမှာ ချုပ်နှောင်ခံထားရတယ်လို့ အဖွဲ့က ဆိုပါတယ်။
CSNHTV ရဲ့ ခန့်မှန်းချက်အရ ပိတ်မိနေသူတွေထဲမှာ တရုတ်နိုင်ငံသား ၁,၆၀၀ ခန့်၊ မြန်မာနိုင်ငံသား ၂၀၀ ခန့်နဲ့ ထိုင်းနိုင်ငံသား ၂၀ ခန့် ပါဝင်ပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေလည်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။
“ဒီစခန်းအများအပြားကို အခုအချိန်အထိ မဖျက်သိမ်းရသေးသလို ကျန်ရှိနေတဲ့ လူကုန်ကူးခံရသူအားလုံးကို လွတ်မြောက်စေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်ရသေးပါဘူး” လို့ CSNHTV က ထုတ်ပြန်ပါတယ်။
ဒီလိုအခြေအနေကြောင့် ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းငွေလိမ်မှုနဲ့ လူကုန်ကူးမှုတွေကို ဆက်လက်ကျူးလွန်နေပြီး အထူးသဖြင့် အမေရိကန်နဲ့ ဥရောပအပါအဝင် ကမ္ဘာတစ်ဝန်းက လူတွေကို ပစ်မှတ်ထားလိမ်လည်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက ဦးဆောင်ခဲ့တဲ့ ဒေသတွင်းနှိမ်နင်းမှုတွေအတွင်း ပြီးခဲ့တဲ့နှစ်က မြဝတီဒေသရှိ ကျားဖြန့်စခန်းတွေက လူ ၅,၀၀၀ ခန့်ကို ထုတ်ယူကယ်ဆယ်နိုင်ခဲ့ပေမယ့် အကြီးစားအွန်လိုင်းလိမ်လည်ရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှဒေသရှိ ကျားဖြန့်စခန်းတွေဟာ ကမ္ဘာတစ်ဝန်းက လူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်မှုတွေ လုပ်ကိုင်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရရှိနေတယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။
အဲဒီစခန်းတွေမှာ အလုပ်လုပ်နေရသူအများစုဟာ လစာကောင်းတဲ့အလုပ်ရမယ်ဆိုတဲ့ လိမ်လည်ခေါ်ယူမှုတွေနဲ့ လူကုန်ကူးခံခဲ့ရသူတွေဖြစ်ပြီး စခန်းရောက်တဲ့အခါ အွန်လိုင်းလိမ်လည်မှုတွေ အဓမ္မလုပ်ကိုင်ခိုင်းခံရတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ကျားဖြန့်စခန်းတွေအတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခေါင်းပုံဖြတ်မှု၊ အဓမ္မကိုယ်ဝန်ဖျက်ချခိုင်းမှု၊ အစာမပေးဘဲထားမှုနဲ့ တစ်ဦးတည်းသီးခြားချုပ်နှောင်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ကယ်တင်ခံရသူတွေအနေနဲ့လည်း လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှု၊ ဆေးကုသမှု၊ ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှုရရှိရေးအစား သူတို့ရဲ့ပြောဆိုချက်ကို မယုံကြည်တာ၊ လူမှုအသိုင်းအဝိုင်းက ဖယ်ကြဉ်တာနဲ့ အပြစ်ပေးခံရတာတွေ မကြာခဏ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောပါတယ်။
CSNHTV က ထုတ်ပြန်ထားတဲ့ ပိတ်မိနေသူအရေအတွက်နဲ့ စခန်းတွေရဲ့ လက်ရှိအခြေအနေကို New Day Myanmar အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပုံစာ – မြန်မာနိုင်ငံ မြဝတီမြို့တွင် ကျားဖြန့်စခန်းများကို နှိမ်နင်းပြီးနောက် အလုပ်လုပ်ရန် လိမ်လည်ခေါ်ဆောင်ခံရသူများ သို့မဟုတ် လူကုန်ကူးခံရသူများသည် ထိုင်း–မြန်မာနယ်စပ်ရှိ KK Park ဝင်းအတွင်း မရေမရာအခြေအနေဖြင့် ပိတ်မိနေကြစဉ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်။


