၂၃ ဇွန် ၂၀၂၆ | New Day Myanmar
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း စစ်အုပ်စုရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပစ်ချနိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) က ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Mi-17 ရဟတ်ယာဉ်ကို မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်ခုမှာ ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်းသာ ထုတ်ပြန်ထားပြီး ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာနဲ့ အချိန်၊ ပစ်ခတ်ခဲ့တဲ့ လက်နက်အမျိုးအစား၊ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူတွေရဲ့ အခြေအနေတို့ကို အသေးစိတ်ဖော်ပြထားခြင်း မရှိသေးပါဘူး။
ဖြစ်စဉ်အသေးစိတ်ကို နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်သွားမယ်လို့ Magway PDF က ဆိုပါတယ်။
စစ်အုပ်စုဘက်က တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့လည်း Magway PDF က သတိပေးတိုက်တွန်းထားပါတယ်။
Mi-17 ဟာ စစ်သည်နဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာ၊ စစ်ကူပို့ရာနဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်တဲ့ ရဟတ်ယာဉ်အမျိုးအစား ဖြစ်ပါတယ်။
Magway PDF ရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို စစ်အုပ်စုဘက်က တုံ့ပြန်ထားခြင်း မရှိသေးသလို New Day Myanmar အနေနဲ့လည်း သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


