၂၃ ဇွန် ၂၀၂၆ | New Day Myanmar
စစ်တပ်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာအပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့တဲ့အချိန်ကနေ မဲပေးကာလပြီးဆုံးချိန်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေအပေါ် ကျရောက်ခဲ့တဲ့ ထိခိုက်မှုတွေကို လေ့လာထားတဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး အတည်ပြုနိုင်ခဲ့တဲ့ သေဆုံးသူ ၇၀၂ ဦးထဲမှာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေး ၁၅၃ ဦး ပါဝင်ပါတယ်။
သေဆုံးသူတွေအနက် ၄၇၆ ဦးဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး တိုက်လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာနဲ့ ဂိုင်ရိုကော်ပတာတွေကို အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အရပ်သားသေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ကာလတွေကတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လကနေ စက်တင်ဘာလအထိနဲ့ ဒီဇင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ဖြစ်ပါတယ်။
နိုင်ငံခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက မြန်မာစစ်တပ်ထံ လက်နက်၊ ခဲယမ်းမီးကျောက်၊ အပိုပစ္စည်း၊ လေယာဉ်ဆီနဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဆက်လက်ပံ့ပိုးနေကြတယ်လို့ OHCHR က ဖော်ပြပါတယ်။
အဲဒီလို ပံ့ပိုးလွှဲပြောင်းမှုတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုတွေ ဖြစ်ပွားစေဖို့ အထောက်အကူဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။
တစ်ဖက်မှာတော့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လျော့ကျလာတာကြောင့် ဒေသခံအဖွဲ့အစည်းတွေရဲ့ အသက်ကယ်လုပ်ငန်းတွေ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံဝန်ဆောင်မှုတွေ ဆက်လက်ပေးနိုင်ရေး ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ အကူအညီပေးခွင့် ပိတ်ပင်မှုတွေနဲ့ နိုင်ငံတကာရန်ပုံငွေ လျှော့ချမှုတွေကြောင့် ဆေးဝါးထောက်ပံ့ရေးကွင်းဆက်၊ ကျန်းမာရေးဌာနတွေနဲ့ နေရပ်စွန့်ခွာသူတွေအတွက် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းတွေ ထိခိုက်လာပါတယ်။
“အခုလို အကူအညီတွေ ပြန်လည်လျှော့ချလိုက်တာက ရရှိထားပြီးသား ဒဏ်ရာကို ပိုမိုဆိုးရွားစေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောပါတယ်။
ဒေသအများအပြားမှာ ဒေသခံတွေ ဦးဆောင်တဲ့ အရပ်သားကာကွယ်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေဟာ စစ်တပ်ရဲ့ ဆက်တိုက်ပစ်မှတ်ထားမှုနဲ့ ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေကြားမှာ ပြည်သူတွေအတွက် အဓိကအားထားရာဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
OHCHR က မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာထောက်ပံ့မှုတွေ ပြန်လည်တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။


