Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို ပယ်ချတဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ဖို့ ကုလအထွေထွေညီလာခံကို အရပ်ဘက်အဖွဲ့ ၁၉၁ ဖွဲ့ တောင်းဆို

စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို ပယ်ချတဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ဖို့ ကုလအထွေထွေညီလာခံကို အရပ်ဘက်အဖွဲ့ ၁၉၁ ဖွဲ့ တောင်းဆို

၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၁၉၁ ဖွဲ့က စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို ပယ်ချပြီး စစ်အုပ်စုနဲ့ နိုင်ငံရေးအရ ဆက်ဆံထိတွေ့မှုကို အနိမ့်ဆုံးထားရှိရေး၊ နိုင်ငံတကာတာဝန်ခံမှု မြှင့်တင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်အသစ်တရပ် ချမှတ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံကို တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့တွေက စစ်အုပ်စုရဲ့ မသမာတဲ့ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရအသွင် ပြောင်းလဲဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်တွေကို အသိအမှတ်မပြုဖို့၊ စစ်အုပ်စုနဲ့ နိုင်ငံရေးအရ အနိမ့်ဆုံးသာ ဆက်ဆံဖို့ သတ်မှတ်ထားတဲ့ ကုလသမဂ္ဂမူဝါဒကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို ထိရောက်စွာ တုံ့ပြန်ဖို့၊ စစ်အုပ်စုဆီ လေယာဉ်ဆီ၊ လက်နက်နဲ့ စစ်ဘက်၊ အရပ်ဘက်နှစ်မျိုးသုံး နည်းပညာတွေ မရောက်ရှိအောင် ပိတ်ဆို့ဖို့နဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုစီးပွားရေးတွေကို တိုက်ဖျက်ဖို့လည်း တောင်းဆိုထားပါတယ်။

အိတ်ဖွင့်ပေးစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၅၀၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု ၉,၇၉၄ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၄,၈၅၃ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မဲပေးမှုကာလမှာ အတိုက်အခံတွေကို ဖိနှိပ်ဖို့ လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၁၇၀ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မှတ်တမ်းကို ကိုးကားဖော်ပြထားပါတယ်။

မဲပေးသူတွေရဲ့ မဲလျှို့ဝှက်ခွင့်ကိုလည်း စနစ်တကျ ဖျက်ဆီးခဲ့ပြီး ရွေးကောက်ပွဲကာကွယ်ရေးလို့ ခေါ်ဆိုတဲ့ ဥပဒေတွေနဲ့ လူအနည်းဆုံး ၄၀၄ ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့တွေရဲ့ အဆိုအရ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးလုပ်ငန်းစဉ်တခု မဟုတ်ဘဲ စစ်လက်နက်တခုလို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မအခြေပြု အကြမ်းဖက်မှုတွေကို စစ်ပွဲနည်းဗျူဟာအဖြစ် စနစ်တကျ အသုံးပြုနေတယ်လို့ အတည်ပြုထားကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်အောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ကြီးထွားလာပြီး စစ်အုပ်စုအတွက် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်မယ့် ဝင်ငွေတွေ ရရှိစေသလို ဒေသတွင်းနဲ့ ကမ္ဘာတဝန်း မတည်ငြိမ်မှုတွေကိုလည်း ပျံ့နှံ့စေတယ်လို့ ဆိုပါတယ်။

အခြားတဖက်မှာတော့ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေဟာ ပြည်သူဦးဆောင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အောက်ခြေကနေ တည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ပုံဖော်နေကြတယ်လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

အရပ်ဘက်အဖွဲ့တွေက စစ်အုပ်စုဟာ အကြမ်းဖက်ဖိအားပေးထားတဲ့ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရအသွင် ပြန်လည်ပုံဖော်ခဲ့ပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ အတည်ပြုထားတဲ့အတွက် ကုလအထွေထွေညီလာခံက ပြတ်ပြတ်သားသား ပယ်ချရမယ်လို့ တောင်းဆိုထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက်တွေနဲ့အညီ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ သံတမန်အထောက်အထားတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေကို ဆက်လက်ကိုယ်စားပြုရမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်မှုပေးဖို့ အသုံးမပြုရဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်တွေကို အသိအမှတ်ပြုတာ ဒါမှမဟုတ် တရားဝင်မှုရရှိစေမယ့် ပုံစံနဲ့ ဆက်ဆံတာဟာ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို ပုံမှန်ကိစ္စလို ဖြစ်လာစေနိုင်သလို နိုင်ငံတကာတာဝန်ခံမှု ကြိုးပမ်းချက်တွေကိုလည်း အားနည်းစေနိုင်တယ်လို့ သတိပေးထားပါတယ်။

အရပ်ဘက်အဖွဲ့တွေက မြန်မာနိုင်ငံဆီ လက်နက်စီးဆင်းမှု ရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်နက်တင်ပို့မှု ပိတ်ပင်ရေး ချမှတ်ဖို့နဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကလည်း တနိုင်ငံချင်း လက်နက်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်နိုင်စွမ်းကို လျှော့ချဖို့ ကုလလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ဆီ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို တားမြစ်တဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု ချမှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဆယ်စုနှစ်များစွာ အရေးယူခံရမှုကင်းလွတ်နေတာက မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေတွေ နေ့စဉ်ချိုးဖောက်နိုင်အောင် အားပေးခဲ့တယ်လို့ ဆိုပြီး မြန်မာနိုင်ငံတဝန်း အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ဆီ လွှဲပြောင်းဖို့ ကုလအထွေထွေညီလာခံက လုံခြုံရေးကောင်စီကို တောင်းဆိုရမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာတရားရုံး ICJ က ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာစစ်တပ်က ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့နဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေမှာ အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူတာကို ကြိုဆိုဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂက စစ်အုပ်စုနဲ့ အနိမ့်ဆုံးသာ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒရှိပေမယ့် ကုလအေဂျင်စီအချို့ရဲ့ လက်တွေ့လုပ်ဆောင်မှုတွေဟာ ကြေညာထားတဲ့ မူဝါဒနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း အရပ်ဘက်အဖွဲ့တွေက ဝေဖန်ထားပါတယ်။

အချို့လုပ်ငန်းစီမံချက်တွေက စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကို သွယ်ဝိုက်ငွေကြေးအကျိုးအမြတ်ရစေနိုင်တာ၊ စစ်အုပ်စုထိန်းချုပ်ရာ ဒေသတွေနဲ့ အာဏာပိုင်တွေကို ဦးစားပေးပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာဒေသတွေနဲ့ ဆက်ဆံမှုကို ကန့်သတ်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က စစ်တပ်နဲ့ ဆက်နွှယ်တယ်လို့ သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေနဲ့ ကုလအေဂျင်စီအချို့ ဆက်လက်ဆက်ဆံနေတယ်ဆိုတဲ့ ယုံကြည်ရတဲ့သတင်းတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဝန်ထမ်းတွေကို စစ်အုပ်စုအာဏာပိုင်တွေက စစ်တပ်ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ ဖိအားပေးတာကြောင့် သူတို့ရဲ့ လုံခြုံရေး၊ လွတ်လပ်စွာလုပ်ကိုင်နိုင်မှုနဲ့ ပရော်ဖက်ရှင်နယ်တာဝန်တွေ ထိခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က ဖန်တီးထားတဲ့ ရှေ့တန်းခံအဖွဲ့အစည်းတွေနဲ့ နည်းပညာပူးပေါင်းတာ၊ အများမြင်သာအောင် ဆက်ဆံတာတွေက ကုလသမဂ္ဂရဲ့ ဘက်မလိုက်မှုနဲ့ ယုံကြည်စိတ်ချရမှုအပေါ် စိုးရိမ်စရာတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကို ကုလသမဂ္ဂက တုံ့ပြန်ရာမှာ စနစ်တကျ ပျက်ကွက်ခဲ့တာကို ဖော်ထုတ်ထားတဲ့ ၂၀၁၉ Rosenthal အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မှုအပေါ်လည်း စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပြီး ကုလသမဂ္ဂစနစ်တခုလုံးမှာ ပိုမိုပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု လိုအပ်တယ်လို့ ဆိုပါတယ်။

ကုလအေဂျင်စီအားလုံးအနေနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ Human Rights Up Front Action Plan ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။

အဲဒီအစီအစဉ်အရ ကုလသမဂ္ဂရဲ့ အစီအစဉ်အားလုံးမှာ ဘက်မလိုက်မှုမူဝါဒကို တသမတ်တည်း ကျင့်သုံးဖို့၊ အကူအညီတွေကို စစ်အုပ်စုထိန်းချုပ်တဲ့ လမ်းကြောင်းတွေကနေ မပေးဘဲ ဒေသခံအရပ်ဘက်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EROs တွေဆီ တိုက်ရိုက်ထောက်ပံ့ပူးပေါင်းဖို့ တောင်းဆိုထားပါတယ်။

နေပြည်တော်မှာ စစ်အုပ်စုကို တရားဝင်မှုပေးသလို ဖြစ်စေမယ့် အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူမြင်ကွင်းပေါ်က လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့၊ ပိတ်ဆို့အရေးယူခံထားရသူတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဂ စာချုပ်မချုပ်မိအောင် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို ကြိုတင်စစ်ဆေးတဲ့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂဌာနချုပ်က မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေကို ပိုမိုတင်းကျပ်စွာ ကြီးကြပ်ပြီး ကုလသမဂ္ဂစနစ်တခုလုံးမှာ တာဝန်ခံမှုမြှင့်တင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးနဲ့ နိုင်ငံတကာဥပဒေ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဗီတိုအာဏာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ပိတ်ဆို့မှုကြောင့် မြန်မာအရေးကို ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက် ကုလအထွေထွေညီလာခံက ပိုမိုခိုင်မာတဲ့ ဦးဆောင်မှုယူဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

အိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း ၁၉၁ ဖွဲ့က လက်မှတ်ရေးထိုးထားပြီး အဲဒီအထဲက အဖွဲ့ ၂၂ ဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုကြောင်း ဖော်ပြထားပါတယ်။

Related News

Most Read