၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
စစ်အုပ်စုက ကျောက်ခက်ဒေသရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Tai Chang ကျားဖြန့်ခြံဝင်းကို နှိမ်နင်းခဲ့တာမဟုတ်ဘဲ ကျောက်ခက်နဲ့ ၃၆ မိုင်ခန့်ဝေးတဲ့ ဖလူးလေးတောင်ကြော အနောက်ဘက်ခြမ်းရှိ DKBA ထိန်းချုပ်နယ်မြေက ကျားဖြန့်ခြံဝင်းတခုကိုသာ စီးနင်းခဲ့တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက ဇူလိုင် ၂၅ ရက်မှာ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတခုကို နှိမ်နင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် KNU ကတော့ စီးနင်းခံရတဲ့နေရာဟာ ကျောက်ခက်ရှိ Tai Chang မဟုတ်ကြောင်းနဲ့ DKBA စစ်ဦးစီးအရာရှိချုပ်က ကြီးကြပ်တဲ့ ဖလူးလေးတောင်ကြောဘက်ရှိ ကျားဖြန့်ခြံဝင်းဖြစ်ကြောင်း မြေပြင်အချက်အလက်တွေအရ သိရှိရတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ Tai Chang ကျားဖြန့်ခြံဝင်းကို အမေရိကန်နိုင်ငံသားတွေဆီက ငွေကြေးလိမ်လည်ခိုးယူတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်ခဲ့တဲ့နေရာအဖြစ် တရားဝင်ဖော်ပြခဲ့ပါတယ်။
Tai Chang ဟာ DKBA ထိန်းချုပ်နယ်မြေအတွင်းရှိပြီး DKBA အဆင့်မြင့်ခေါင်းဆောင် ဗိုလ်ချုပ်စိုင်းကျော်လှနဲ့ မဲဆောက်အခြေစိုက် Trans Asia ကုမ္ပဏီတို့က တည်ထောင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
အဲဒီနေ့မှာပဲ အမေရိကန်က DKBA အဖွဲ့၊ ဗိုလ်ချုပ်စိုင်းကျော်လှအပါအဝင် DKBA အဆင့်မြင့်ခေါင်းဆောင်လေးဦး၊ Trans Asia၊ Troth Star ကုမ္ပဏီတွေနဲ့ ထိုင်းနိုင်ငံသား Chamu Sawang တို့ကို အွန်လိုင်းငွေလိမ်ခြံဝင်းတွေကို အထောက်အပံ့ပေးခဲ့မှုနဲ့ ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) ကလည်း ဇူလိုင် ၃၀ ရက်မှာ DKBA ကို အရှေ့တောင်အာရှရှိ ကျားဖြန့်ခြံဝင်းတွေနဲ့ ဆက်နွှယ်တဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပိတ်ဆို့အရေးယူလိုက်ပါတယ်။
EU ရဲ့ ထုတ်ပြန်ချက်အရ DKBA ဟာ မြဝတီပတ်ဝန်းကျင်က နယ်မြေတွေကို ထိန်းချုပ်ထားပြီး တရားမဝင်ကျားဖြန့်ခြံဝင်းတွေကို အကာအကွယ်ပေးခြင်းနဲ့ ရာဇဝတ်ကွန်ရက်တွေ လည်ပတ်နိုင်အောင် ကူညီပေးခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူကုန်ကူးခံရသူတွေအပေါ် အကြမ်းဖက်မှုတွေမှာ DKBA တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြောင်း သတင်းရရှိထားတယ်လို့လည်း EU က ဖော်ပြပါတယ်။
EU က DKBA အပြင် ကမ္ဘောဒီးယားအခြေစိုက် Prince Holding Group နဲ့ Jin Bei Group တို့ကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ပိတ်ဆို့ခံရတဲ့အဖွဲ့တွေရဲ့ EU ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှာဖြစ်ပြီး EU နိုင်ငံသားနဲ့ ကုမ္ပဏီတွေကလည်း ငွေကြေးနဲ့ စီးပွားရေးအရင်းအမြစ်တွေ ထောက်ပံ့ခွင့်မရှိတော့ပါဘူး။
KNU က စစ်အုပ်စုဟာ နိုင်ငံတကာက အရေးယူဖို့ အာရုံစိုက်နေတဲ့ Tai Chang ကို နှိမ်နင်းခဲ့သယောင် “ကျောက်ခက်ကျားဖြန့်ခြံဝင်း” လို့ အမည်တပ်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ KNLA နဲ့ PDF တွေက ကျားဖြန့်လုပ်ငန်းတွေကို ငွေကြေးယူပြီး အကာအကွယ်ပေးထားတယ်လို့ စွပ်စွဲထားတာကိုလည်း KNU က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အဖြစ် ငြင်းဆိုရှုတ်ချပါတယ်။
စစ်အုပ်စု၊ DKBA နဲ့ BGF တပ်တွေဟာ ကျားဖြန့်ခြံဝင်းတွေထဲက လူတွေကို ကြိုတင်ရွှေ့ပြောင်းပြီးမှ ဝင်ရောက်စီးနင်းပြခြင်း၊ ရာဇဝတ်လုပ်ငန်းခေါင်းဆောင်တွေကို မဖမ်းဘဲ စေခိုင်းခံရသူတွေကိုသာ ဖမ်းဆီးပြခြင်းနဲ့ လူတွေဖယ်ရှားပြီးသား အဆောက်အအုံတွေကို ဖြိုချပြခြင်းတို့ လုပ်ဆောင်နေတယ်လို့ KNU က စွပ်စွဲပါတယ်။
ဒီလို ဟန်ပြနှိမ်နင်းမှုတွေကြောင့် ကျားဖြန့်လုပ်ငန်းတွေ အမြစ်ပြတ်သွားတာမဟုတ်ဘဲ ထိုင်းနယ်စပ်နဲ့ဝေးတဲ့ ကရင်ပြည်နယ်အတွင်းပိုင်းဒေသတွေအထိ ခြံဝင်းငယ်တွေအဖြစ် ပြောင်းရွှေ့ပြန့်ပွားနေတယ်လို့ ဆိုပါတယ်။


