ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar
အာမခံပစ္စည်း အခိုင်အမာမပြနိုင်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (MSMEs) ကို Credit Guarantee Insurance (CGI) စနစ်နဲ့ ကျပ်သိန်း ၅၀၀ အထိ ချေးငွေထုတ်ပေးမယ်လို့ စစ်အုပ်စုလက်အောက်ခံ MSME Development Fund Management Committee က ကြေညာထားပါတယ်။
CGI စနစ်ကို မြန်မာ့အာမခံလုပ်ငန်းနဲ့ ပုဂ္ဂလိကအာမခံကုမ္ပဏီတွေက အာမခံပေးမှာဖြစ်ပြီး အရင်လို မြေ၊ အဆောက်အအုံ ဒါမှမဟုတ် အခြားအာမခံပစ္စည်း မပြနိုင်တဲ့ MSME လုပ်ငန်းတွေလည်း ချေးငွေရယူနိုင်အောင် စီစဉ်တာ ဖြစ်ပါတယ်။
MSME လုပ်ငန်းတွေအတွက် ချေးငွေလျှောက်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ဖြေလျှော့ထားပြီး လက်ရှိမှာ MSME ချေးငွေအများဆုံးပမာဏကို ကျပ်သန်း ၁၀၀၊ ကျပ်သိန်း ၁,၀၀၀ အထိ သတ်မှတ်ထားပါတယ်။ ဒီချေးငွေအများဆုံးပမာဏကို ထပ်တိုးနိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်နေတယ်လို့ ဩဂုတ် ၁၄ ရက် စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
MSME ဖွံ့ဖြိုးရေးအတွက် ကျပ်ဘီလီယံ ၁၇၀ ခွဲဝေထားပြီး အဲဒီထဲက ကျပ်ဘီလီယံ ၁၅၀ ကို တိုက်ရိုက်ချေးငွေထုတ်ပေးဖို့ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ MSME လုပ်ငန်းတွေဖြစ်ပြီး အလုပ်အကိုင်စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ MSME လုပ်ငန်းတွေဟာ အရင်းအနှီးမလုံလောက်တာ၊ နည်းပညာခေတ်နောက်ကျတာ၊ ဈေးကွက်ဝင်ရောက်ခွင့် အကန့်အသတ်ရှိတာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာ၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက် အားနည်းတာနဲ့ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
“SME ချေးငွေအတွက် က လျောက်ထားလို့ရတယ်လို့သာပြောတာပါ။ တကယ်တမ်းလုပ်ငန်းစဉ်တွေက အဲ့လောက်အရာမထင်ပါဘူး။ဟိုအရင်း တုန်းကလည်း လျောက်ထားဖူးတယ်။ မရပါဘူး”လို့အသေးစား လုပ်ငန်းရှင်တဦးက New Day Myanmar ကိုပြောပါတယ်။
CGI စနစ်အောက်မှာ ချေးငွေလျှောက်ထားနိုင်မယ့် လုပ်ငန်းအမျိုးအစားတွေ၊ အတိုးနှုန်း၊ ချေးငွေပြန်ဆပ်ရမယ့်ကာလနဲ့ ဘယ်ဘဏ်တွေကနေ စတင်လျှောက်ထားနိုင်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိသေးပါဘူး။

