ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
အာဆီယံအတွင်းရေးမှူးချုပ် ကာအို ကင်ဟွန်း နဲ့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရဲ့ ယာယီတာဝန်ခံ ဦးမန်ဟောက်ထန် တို့ဟာ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ မနက်စာ စားပွဲ တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုအတွင်း အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေတာ၊ ဒေသတွင်းပေါင်းစည်းရေး ပိုမိုနက်ရှိုင်းစေတာနဲ့ ဒေသတွင်း၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေး အပါအဝင် အကြောင်းအရာတွေကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေးအကျပ်အတည်း၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) အကောင်အထည်ဖော်ရေး ဒါမှမဟုတ် မြန်မာနိုင်ငံက ပဋိပက္ခတွေအကြောင်း သီးသန့်ဆွေးနွေးခဲ့၊ မခဲ့ကိုတော့ အာဆီယံဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
ဦးမန်ဟောက်ထန်ဟာ လက်ရှိမှာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရဲ့ ယာယီတာဝန်ခံ အဖြစ် တာဝန်ယူနေသူဖြစ်ပြီး အာဆီယံက ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ထားတဲ့ အမြဲတမ်းကိုယ်စားလှယ်စာရင်းမှာလည်း မြန်မာဘက်ကို သံအမတ်အဆင့် အမြဲတမ်းကိုယ်စားလှယ်အစား ဦးမန်ဟောက်ထန်ကို ယာယီတာဝန်ခံအဖြစ် ဖော်ပြထားပါတယ်။
ကာအို ကင်ဟွန်းနဲ့ ဦးမန်ဟောက်ထန်တို့ဟာ မကြာသေးခင်ကလည်း တွေ့ဆုံခဲ့ဖူးပြီး ဇူလိုင် ၃၀ ရက် က အာဆီယံဌာနချုပ်မှာ တွေ့ဆုံချိန်မှာလည်း အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းပေါင်းစည်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဇူလိုင် ၃၀ ရက် တွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဦးမန်ဟောက်ထန်က မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုက်အဝန်း တိုးတက်ရေးမှာ ဆက်လက်တက်ကြွစွာ ပါဝင်ပြီး အာဆီယံအပေါ် ကတိကဝတ်ထားရှိတယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အာဆီယံအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အငြင်းပွားမှုတွေ ဆက်ရှိနေပြီး အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အရေးကြီးအစည်းအဝေးတွေမှာ စစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ ပါဝင်ခွင့် ကန့်သတ်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။
အခုတစ်ကြိမ် နံနက်စာစားပွဲတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ သီးခြားဆုံးဖြတ်ချက် ဒါမှမဟုတ် သဘောတူညီချက်တစ်ခု ထွက်ပေါ်လာတယ်လို့ အာဆီယံဘက်က ဖော်ပြထားတာ မရှိပါဘူး။

