Homeပြည်တွင်းသတင်းအီရန်စစ်ပွဲနဲ့ တောင်တရုတ်ပင်လယ်တင်းမာမှုကြား အာဆီယံဒေသလုံခြုံရေးဖိုရမ် ကျင်းပ

အီရန်စစ်ပွဲနဲ့ တောင်တရုတ်ပင်လယ်တင်းမာမှုကြား အာဆီယံဒေသလုံခြုံရေးဖိုရမ် ကျင်းပ

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

အီရန်စစ်ပွဲ၊ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုနဲ့ တောင်တရုတ်ပင်လယ်က တရုတ်–ဖိလစ်ပိုင်တင်းမာမှုတွေ မြင့်တက်နေချိန် အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက်က ထိပ်တန်းသံတမန်တွေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

အာဆီယံဒေသဆိုင်ရာဖိုရမ် (ASEAN Regional Forum–ARF) ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပနေတာဖြစ်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးပြဿနာတွေကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

အစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကာလက်စ်တို့ တက်ရောက်နေပါတယ်။ ဒါ့အပြင် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတွေက ထိပ်တန်းကိုယ်စားလှယ်တွေလည်း တက်ရောက်နေပါတယ်။

အီရန်မှာ အမေရိကန်နဲ့ အီရန်တို့ တကျော့ပြန်တိုက်ခိုက်နေမှုနဲ့ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုဟာ ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းအရာဖြစ်လာဖို့ရှိပါတယ်။ အရှေ့အလယ်ပိုင်းက စွမ်းအင်ကို အကြီးအကျယ်မှီခိုနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပို့ဆောင်မှု အနှောင့်အယှက်ဖြစ်တာ၊ ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် ထိခိုက်တာတွေကို ရင်ဆိုင်နေရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အရှေ့အလယ်ပိုင်းတိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဝါရှင်တန်အနေနဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းလိုပေမဲ့ အီရန်ဘက်က ဆွေးနွေးရေးအပေါ် အလေးအနက်ထားမှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အပြန်အလှန်စွပ်စွဲမှုတွေနဲ့ သံအမတ်တွေ ဆင့်ခေါ်တဲ့အထိ တင်းမာမှုမြင့်တက်နေပါတယ်။ အာဆီယံနဲ့ တရုတ်တို့ နှစ်ပေါင်းများစွာ ဆွေးနွေးနေတဲ့ တောင်တရုတ်ပင်လယ်ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အပြီးသတ်နိုင်ရေးကလည်း အစည်းအဝေးရဲ့ အရေးပါတဲ့အကြောင်းအရာတခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေ စည်းလုံးညီညွတ်ဖို့နဲ့ ပြင်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး ဒေသတွင်းတည်ငြိမ်ရေးကို ဒေသတွင်းနိုင်ငံတွေက ကိုယ်တိုင်ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။

ရူဘီယိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်တို့ကလည်း ဖိုရမ်ပြင်ပမှာ သီးခြားတွေ့ဆုံပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ အမေရိကန်–ရုရှားဆက်ဆံရေးကို ဆွေးနွေးဖို့ရှိပါတယ်။

Related News

Most Read