ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နဲ့ လတ်တလော ဆွေးနွေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဩဂုတ် ၁၈ ရက်မှာ ပြောလိုက်ပြီး အမေရိကန်-အီရန်ကြား ရက် ၆၀ ကြာ ညှိနှိုင်းရေးကာလလည်း အမြဲတမ်းသဘောတူညီချက်မရဘဲ ကုန်ဆုံးသွားပါတယ်။ ထရမ့်ကတော့ ဟော်မုဇ်ရေလက်ကြားဟာ “ဖွင့်ထားပြီး လည်ပတ်နေတယ်” လို့ ဆိုပေမယ့် လက်တွေ့မှာ သင်္ဘောဖြတ်သန်းမှု သိသိသာသာကျဆင်းနေပါတယ်။
အီရန်နဲ့ အိုမန်တို့က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုကို စီမံခန့်ခွဲဖို့ သဘောတူညီချက်တစ်ခု အပြီးသတ်နိုင်ရေး ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်ကတော့ အီရန်နဲ့ အိုမန်တို့ ပူးတွဲစီမံမယ့်အစီအစဉ်နဲ့ သင်္ဘောတွေဆီက ဆန္ဒအလျောက်အခကြေးငွေ ကောက်ခံမယ့်အချက်တချို့ကို သဘောမတူဘူးလို့ AP က ဖော်ပြပါတယ်။
ထရမ့်က အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှု ဆက်လက်အသက်ဝင်နေတယ်လို့ ဆိုထားပြီး ရေလက်ကြားထဲက ရေမြှုပ်မိုင်းတွေကို ရှင်းလင်းပြီးဖြစ်တာကြောင့် တခြားသင်္ဘောတွေ ဖြတ်သန်းနိုင်တယ်လို့ ပြောပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်က သူတို့ရဲ့ သတ်မှတ်ချက်တွေကို လက်ခံမချင်း ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်မှာမဟုတ်ဘူးလို့ ရပ်တည်ထားပါတယ်။
သင်္ဘောသွားလာမှုအချက်အလက်တွေကို စောင့်ကြည့်တဲ့ Kpler အရ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဟော်မုဇ်ရေလက်ကြားကို အတည်ပြုဖြတ်သန်းခဲ့တဲ့ သင်္ဘောအရေအတွက်ဟာ ၁၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး ၉၅ စင်းသာ ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့တစ်ရက်တည်းမှာ သင်္ဘော ၃ စင်းသာ ဖြတ်သန်းခဲ့ပြီး အားလုံးဟာ အီရန်ဘက်က သတ်မှတ်ထားတဲ့ လမ်းကြောင်းကို အသုံးပြုခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ အိုမန်နိုင်ငံအနီး ဟော်မုဇ်ရေလက်ကြားထဲ သင်္ဘောတစ်စင်းကို မည်သူပစ်ခတ်မှန်းမသိတဲ့ လက်နက်ကျည်တစ်ခု ထိမှန်ခဲ့ပြီး အင်ဂျင်ခန်း ပျက်စီးကာ သင်္ဘောသားတစ်ဦး ထိခိုက်ခဲ့တယ်လို့ ဗြိတိန်ရေကြောင်းလုံခြုံရေးအဖွဲ့ UKMTO က ထုတ်ပြန်ပါတယ်။ အဲဒီသင်္ဘောသား သေဆုံးတာလား၊ ဒဏ်ရာရတာလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။
တစ်ဖက်မှာ အီရန်ထောက်ခံတဲ့ ယီမင် ဟူသီအဖွဲ့က ဆော်ဒီအာရေးဗီးယားနိုင်ငံက Saudi Aramco ရေနံချက်စက်ရုံတစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီဘက်ကတော့ ပျက်စီးဆုံးရှုံးမှု ရှိ၊ မရှိကို ချက်ချင်းအတည်မပြုသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းပဋိပက္ခ နောက်ထပ်မျက်နှာစာတစ်ခုဆီ ကျယ်ပြန့်လာနိုင်မယ့် စိုးရိမ်မှုကို မြင့်တက်စေပါတယ်။
ဂါဇာမြို့မှာလည်း ဩဂုတ် ၁၈ ရက်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ကလေးတစ်ဦးအပါအဝင် လူ ၆ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ Shifa ဆေးရုံဘက်က ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ Shati ဒေသမှာ အစ္စရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ဟားမတ်စ်တပ်မှူးတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်ဘက်က ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ စွပ်စွဲပြီး တစ်စင်းက ယူအေအီးရေပိုင်နက်ပြင်ပနဲ့ တစ်စင်းက ရေပိုင်နက်အတွင်း ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လူသေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချပြီး “အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်” လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်နဲ့ အီရန်ကြား ရက် ၆၀ ကြာ ညှိနှိုင်းရေးကာလ အဆုံးသတ်သွားပေမယ့် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် မရရှိသေးသလို နှစ်ဖက်ကြား တိုက်ရိုက်ဆွေးနွေးမှု ပြန်စမယ့် အချိန်ဇယားလည်း မရှိသေးပါဘူး။ လက်ရှိအခြေအနေမှာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေး၊ ဆော်ဒီနဲ့ ပင်လယ်နီဒေသက တိုက်ခိုက်မှုတွေအပြင် ယူအေအီးဘက် ဒုံးကျည်ပစ်ခတ်မှုစွပ်စွဲချက်တွေကြောင့် အရှေ့အလယ်ပိုင်းတင်းမာမှု ဆက်မြင့်နေပါတယ်။

