Homeအထူးသတင်းဟော်မုဇ်ရေလက်ကြားမဖြတ်ဘဲ တရုတ်ကို ဆော်ဒီရေနံစည် ၄ သန်း တင်ပို့မည်

ဟော်မုဇ်ရေလက်ကြားမဖြတ်ဘဲ တရုတ်ကို ဆော်ဒီရေနံစည် ၄ သန်း တင်ပို့မည်

ဩဂုတ် ၂၂၊ ၂၀၂၆ | New Day Myanmar

အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားစရာမလိုတဲ့ နေရာကနေ တရုတ်နိုင်ငံကို အနည်းဆုံး ရေနံစည် ၄ သန်း ရောင်းချပို့ဆောင်ဖို့ ဆော်ဒီအာရေဗျနိုင်ငံပိုင် ရေနံကုမ္ပဏီ Saudi Aramco က စီစဉ်ထားတယ်လို့ ကုန်သွယ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ PetroChina နဲ့ Sinochem တို့က တစ်ကုမ္ပဏီကို ရေနံစည် ၂ သန်းစီ ဝယ်ယူထားပြီး Saudi Aramco ရဲ့ Arab Medium နဲ့ Arab Heavy အမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်ဈေးထက် အပိုပေးပြီး ဝယ်ယူခဲ့တာဖြစ်တယ်လို့ ကုန်သွယ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီရေနံတွေကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ ဖူဂျိုင်ရာ (Fujairah) ကမ်းလွန်မှာ သင်္ဘောတစ်စီးကနေ တစ်စီးကို တိုက်ရိုက်လွှဲတင်တဲ့ ship-to-ship (STS) နည်းလမ်းနဲ့ တင်ပေးမှာ ဖြစ်ပါတယ်။ ဖူဂျိုင်ရာဟာ ဟော်မုဇ်ရေလက်ကြားရဲ့ အပြင်ဘက်မှာ ရှိတာကြောင့် ရေနံတင်သင်္ဘောတွေဟာ လုံခြုံရေးအန္တရာယ်မြင့်နေတဲ့ ရေလက်ကြားကို ဖြတ်သန်းစရာ မလိုတော့ပါဘူး။

Saudi Aramco က ဒီလိုနည်းလမ်းနဲ့ ရေနံရောင်းချဖို့ အာရှရေနံချက်စက်ရုံတချို့ကို ဩဂုတ် ၁၇ ရက်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခု တရုတ်ကုမ္ပဏီနှစ်ခုက အနည်းဆုံး စည် ၄ သန်း ဝယ်ယူဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ Saudi Aramco နဲ့ တရုတ်ကုမ္ပဏီတွေကတော့ ဒီလို စီးပွားရေးသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ပုံမှန်အားဖြင့် မှတ်ချက်မပေးကြပါဘူး။

တစ်ဖက်မှာတော့ Saudi Aramco ဟာ ဟော်မုဇ်ရေလက်ကြားအတွင်းဘက်က ရေနံဆိပ်ကမ်းတွေကနေ ရေနံတင်ပို့တာကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြန်လည်စတင်ထားပါတယ်။ ဩဂုတ် ၁၂ ရက်ကနေ ၁၆ ရက်အတွင်း ရေနံစည် ၂ သန်းစီ တင်နိုင်တဲ့ ရေနံတင်သင်္ဘောကြီး သုံးစင်းဟာ Juaymah နဲ့ Ras Tanura ဆိပ်ကမ်းတွေမှာ ရေနံတင်ခဲ့ပြီး နောက်ထပ်သင်္ဘောတွေကလည်း တင်ဖို့ စောင့်ဆိုင်းနေပါတယ်။

ဒါပေမယ့် အမေရိကန်-အီရန် ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှုဟာ အရင်ထက် သိသိသာသာ လျော့ကျနေဆဲ ဖြစ်ပါတယ်။ အမေရိကန် စွမ်းအင်သတင်းအချက်အလက်ဌာန (EIA) ရဲ့ ဩဂုတ်လ အချက်အလက်အရ ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းတဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းပမာဏဟာ ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ တစ်ရက် စည် ၂၁.၆ သန်းရှိရာက ၂၀၂၆ ဒုတိယသုံးလပတ်မှာ တစ်ရက် စည် ၄.၉ သန်းအထိ ကျဆင်းခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ အီရန်နဲ့ အိုမန်ကြားမှာရှိပြီး ပါရှန်းပင်လယ်ကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ကမ္ဘာ့ဈေးကွက်ဆီ ပို့ဆောင်ရာမှာ အရေးအကြီးဆုံး ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဒီရေလက်ကြားကနေ တစ်ရက် ပျမ်းမျှ ရေနံစည် သန်း ၂၀ ဝန်းကျင် ဖြတ်သန်းခဲ့ပြီး ကမ္ဘာ့ရေနံသုံးစွဲမှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်နဲ့ ညီမျှခဲ့ပါတယ်။

ဆော်ဒီအာရေဗျဟာ ဟော်မုဇ်ကို ရှောင်နိုင်ဖို့ နိုင်ငံအရှေ့ဘက်က ရေနံကို East-West Pipeline ကတဆင့် ပင်လယ်နီဘက် Yanbu ဆိပ်ကမ်းကို ပို့ဆောင်နိုင်တဲ့ အခြားရွေးချယ်စရာလည်း ရှိပါတယ်။ ဒါပေမယ့် ပင်လယ်နီဘက်မှာ ဟူသီအဖွဲ့ရဲ့ သင်္ဘောတိုက်ခိုက်မှုနဲ့ ပိတ်ဆို့မှုအန္တရာယ်တွေ ရှိနေတာကြောင့် ဖူဂျိုင်ရာကမ်းလွန်ကနေ တရုတ်ဝယ်လက်တွေဆီ ရေနံလွှဲတင်ပေးတဲ့ နည်းလမ်းဟာ ဆော်ဒီအတွက် နောက်ထပ်အရေးကြီးတဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာပါတယ်။

တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသူနိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းက ရေနံကို အများအပြား မှီခိုနေရတာကြောင့် ဟော်မုဇ်ရေလက်ကြားအတွင်း လုံခြုံရေးအခြေအနေဟာ တရုတ်ရဲ့ စွမ်းအင်ဖူလုံရေးအပေါ် တိုက်ရိုက်သက်ရောက်နေပါတယ်။ တရုတ်နိုင်ငံပိုင် ရေနံတင်သင်္ဘောကုမ္ပဏီတွေကလည်း မကြာသေးခင်က ဟော်မုဇ်နဲ့ Bab al-Mandeb လို အန္တရာယ်မြင့် ရေလမ်းကြောင်းတွေကို ရှောင်ပြီး ပင်လယ်ကွေ့အပြင်ဘက်ကနေ ရေနံတင်ယူတာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Related News

Most Read