ဩဂုတ် ၂၂၊ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဂွင်း လူးဝစ် (Gwyn Lewis) တို့ ဩဂုတ် ၂၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး အပေါ် အမြင်ချင်းဖလှယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ခွင့်၊ စစ်ဘေးရှောင်တွေဆီ အကူအညီရောက်ရှိရေး ဒါမှမဟုတ် လက်ရှိတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို သီးခြားဆွေးနွေးခဲ့သလားဆိုတာကိုတော့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ် မဖော်ပြထားပါဘူး။
ဂွင်း လူးဝစ်ဟာ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး မြန်မာနိုင်ငံမှာ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းပေးနေသူ ဖြစ်ပါတယ်။
အခုတွေ့ဆုံမှု ဖြစ်ပေါ်ချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်အတည်းတွေထဲက တစ်ခုကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဇူလိုင်လ နောက်ဆုံးအချက်အလက်အရ မြန်မာနိုင်ငံမှာ လူ ၁၆ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး လူ ၃ ဒသမ ၈ သန်းနီးပါး နေရပ်စွန့်ခွာနေရပါတယ်။
စစ်ရေးပဋိပက္ခတွေ၊ သွားလာခွင့်ကန့်သတ်ချက်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်လိုအပ်မှုတွေကြောင့် အကူအညီလိုအပ်နေတဲ့ နေရာတွေဆီ လူသားချင်းစာနာမှုအဖွဲ့တွေ ရောက်ရှိဖို့ အခက်အခဲတွေ ဆက်ရှိနေတယ်လို့လည်း OCHA က ဆိုပါတယ်။ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ နေရပ်စွန့်ခွာမှုတွေ ဆက်မြင့်တက်နေပါတယ်။
၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက လူ ၄ ဒသမ ၉ သန်းကို အရေးပေါ်အကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၉၀ သန်း လိုအပ်တယ်လို့ တောင်းခံထားပါတယ်။ ဇူလိုင်လအထိ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၄၃ ရာခိုင်နှုန်းသာ ရရှိထားပြီး ကူညီရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ရန်ပုံငွေထပ်မံလိုအပ်နေတယ်လို့ OCHA က ပြောထားပါတယ်။
အဲဒီအခြေအနေကြောင့် စစ်အုပ်စုဘက်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူတွေကြား တွေ့ဆုံမှုတွေမှာ အကူအညီတွေကို လုံခြုံပြီး အတားအဆီးမရှိ ရောက်ရှိစေရေး က အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် ဩဂုတ် ၂၁ ရက် တွေ့ဆုံမှုမှာ ဒီကိစ္စကို တိတိကျကျ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်စလုံးက သီးခြားထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

