ဩဂုတ် ၂၂၊ ၂၀၂၆ | New Day Myanmar
ဂရန်းဟံသာဆေးရုံမှာ ခိုးယူခဲ့တဲ့ Super Custom ကားအပါအဝင် ရန်ကုန်မြို့တွင်း နေရာတချို့က မော်တော်ယာဉ် ၆ စီးကို ကားသော့အတုတွေ အသုံးပြုပြီး ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းတကော်ကျေးရွာက စိုးသန်း (ခ) ကိုကိုလေး၊ အသက် ၅၃ နှစ် ဖြစ်ပြီး ဩဂုတ် ၁၈ ရက် ညပိုင်းမှာ လှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ် (၂) လမ်းက Royal Toe Hotel အခန်းအမှတ် (၂၀၇) မှာ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီအမှုဟာ လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အေးရိပ်မွန် (၂) လမ်းနဲ့ ရတနာမွန် (၅) လမ်းထောင့်မှာ ညအိပ်ရပ်ထားတဲ့ Toyota Toyoace Light Truck ကားတစ်စီး ဩဂုတ် ၁၂ ရက် မနက်မှာ ပျောက်ဆုံးနေတာကနေ စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ ကားပိုင်ရှင်ရဲ့ တိုင်ကြားချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား) နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ရဲဘက်က အခင်းဖြစ်မှတ်တမ်းတွေနဲ့ နယ်မြေသတင်းတွေကို စစ်ဆေးရာကနေ သံသယရှိသူကို ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးချိန်မှာ ဩဂုတ် ၉၊ ၁၀၊ ၁၃ နဲ့ ၁၄ ရက်တွေမှာ အခြားကား ၅ စီးကိုပါ ကားသော့အတုတွေ အသုံးပြုပြီး ခိုးယူခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ စုစုပေါင်း မော်တော်ယာဉ် ၆ စီးကိုလည်း သက်သေခံပစ္စည်းအဖြစ် ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီကားတွေထဲမှာ ဂရန်းဟံသာဆေးရုံက ခိုးယူခဲ့တဲ့ Super Custom ကားတစ်စီးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ စိုးသန်း (ခ) ကိုကိုလေးဟာ ဩဂုတ် ၉ ရက်ကစပြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျန်စစ်သားလမ်းက NICE DAY Hotel မှာ တည်းခိုကာ ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှာ လမ်းဘေးရပ်ထားတဲ့ကားတွေကို လိုက်လံကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ကားတွေကို သော့အတုနဲ့ ခိုးယူပြီးနောက် ကားထဲက ဆီကို ထုတ်ယူရောင်းချတာ၊ ကားဘက်ထရီအိုးနဲ့ ကားဘီးတွေကို ဖြုတ်ယူရောင်းချတာတွေ လုပ်ခဲ့တယ်လို့လည်း သူ့ရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့က ပြောထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူကို ဥပဒေအရ ဆက်လက်အရေးယူဖို့ ဆောင်ရွက်နေပြီး တခြားကားခိုးမှုတွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးနေပါတယ်။ စွပ်စွဲခံရသူအပေါ် အပြစ်ရှိကြောင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။

