Homeပြည်တွင်းသတင်းဗီတိုအာဏာ ခြိမ်းခြောက်မှုများကြောင့် ကုလလုံခြုံရေးကောင်စီ ထိရောက်မှုကင်းမဲ့နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ဗီတိုအာဏာ ခြိမ်းခြောက်မှုများကြောင့် ကုလလုံခြုံရေးကောင်စီ ထိရောက်မှုကင်းမဲ့နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

၆ ဇွန် ၂၀၂၆ | New Day Myanmar

ဗီတိုအာဏာ (Veto) အသုံးပြုမယ့် ခြိမ်းခြောက်မှုတွေကြောင့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်တန့်နှောင့်နှေးနေပြီး ကောင်စီကို ထိရောက်မှုကင်းမဲ့တဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်စေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၅ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရာ နိုင်ငံပေါင်း ၁၉ နိုင်ငံက မိန့်ခွန်းပြောကြားခဲ့ကြပြီး အဲဒီအခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဗီတိုခြိမ်းခြောက်မှုများက မြန်မာနိုင်ငံအရေးနဲ့ စပ်လျဉ်းပြီး လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာများကို ဆိုင်းငံ့ပိတ်ဆို့နေပြီး၊ ကောင်စီကို ထိရောက်မှုကင်းမဲ့တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖြစ်စေတယ်” လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးအပြီး လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့တာဟာ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၉၉ ကို အတည်ပြုချမှတ်ပြီးနောက်ပိုင်း ပထမဆုံး ရလဒ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် လုံခြုံရေးကောင်စီ သဘာပတိကြေညာချက်တစ်ရပ်နဲ့ အခြားသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် ယနေ့အထိ ဆိုင်းငံ့ထားရဆဲဖြစ်တယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

လုံခြုံရေးကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး နှစ်ကြိမ်၊ တစ်ခါပိတ် ဆွေးနွေးပွဲတစ်ကြိမ်နဲ့ အခြားအကြောင်းအရာခေါင်းစဉ် (AOB) အောက်မှာ တစ်ကြိမ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက တံခါးပိတ်ပုံစံနဲ့ အစည်းအဝေးတွေ ကျင်းပတာကြောင့် အများပြည်သူနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေဟာ ကောင်စီရဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးချက်တွေ၊ သဘောထားတူညီမှုနဲ့ ကွဲလွဲမှုတွေ၊ မြန်မာနိုင်ငံအပေါ် ကောင်စီအဖွဲ့ဝင်တွေရဲ့ သဘောထားနဲ့ ဆောင်ရွက်ပုံတွေကို အလွယ်တကူ သိရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ခံနေရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့် လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ ပါဝင်နိုင်မှုဟာ စိတ်ကြိုက်ရွေးချယ်ကျင့်သုံးတဲ့ အခြေအနေမျိုး မဖြစ်သင့်ဘဲ နိုင်ငံအားလုံးအတွက် တစ်ပြေးညီ ကျင့်သုံးသင့်တဲ့ မူဝါဒတစ်ရပ် ဖြစ်သင့်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး