Homeနိုင်ငံတကာသတင်းအီရန်ရေဒါစခန်းများကို အမေရိကန်တိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ ပိုမိုရှုပ်ထွေးလာ

အီရန်ရေဒါစခန်းများကို အမေရိကန်တိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ ပိုမိုရှုပ်ထွေးလာ

၆ ဇွန် ၂၀၂၆ | New Day Myanmar

အီရန်ဘက်က လွှတ်တင်ခဲ့တဲ့ ဒရုန်းတွေကို ပစ်ချခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့တွေဟာ ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ အီရန်ကမ်းရိုးတန်းရှိ ရေဒါစောင့်ကြည့်ရေးစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေကို ပိုမိုရှုပ်ထွေးလာစေမယ့် အခြေအနေတစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်တပ်တွေဟာ ဂိုရွတ်ကျွန်းနဲ့ ကက်ရှ်ကျွန်းပေါ်ရှိ အီရန်စောင့်ကြည့်ရေးနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အရာရှိတစ်ဦးကတော့ အီရန်ဒရုန်း လေးစင်းဟာ ဒေသတွင်း ရေကြောင်းသွားလာမှုကို ပစ်မှတ်ထားနေတယ်လို့ ယုံကြည်ရတဲ့အတွက် အခုလို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Reuters ကို ပြောကြားထားပါတယ်။

အီရန်နိုင်ငံဟာ စစ်ပွဲမဖြစ်ပွားခင်က ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆို့ထားဆဲဖြစ်ပြီး အဲဒီအခြေအနေကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဓာတ်ဆီဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းနိုင်ငံရေး ဖိအားတွေ ရင်ဆိုင်နေရပြီး လူထုထောက်ခံမှု ကျဆင်းလာနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို စစ်ရေးတင်းမာမှုတွေ ထပ်မံဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး