Homeပြည်တွင်းသတင်းထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကယောက်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ဟာ မြန်မာ့အရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင် ၂၃ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွင်း နှစ်နိုင်ငံဝန်ကြီးတွေ သီးခြားတွေ့ဆုံခဲ့တာပါ။

ထိုင်းနဲ့ အမေရိကန်အကြား နှစ်ပေါင်း ၁၉၀ ကျော်ကြာ မဟာမိတ်ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာအောင်လုပ်ဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကို အမြန်ဆုံးအပြီးသတ်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေအပါအဝင် အာဆီယံဒေသတွင်းကိစ္စတွေကို အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်အချက်တွေ ဆွေးနွေးခဲ့သလဲ၊ သီးခြားဆုံးဖြတ်ချက် ဒါမှမဟုတ် လုပ်ငန်းအစီအစဉ်တခုခု ရရှိခဲ့သလားဆိုတာ ထုတ်ပြန်ချက်မှာ အသေးစိတ်မဖော်ပြထားပါဘူး။

ဒီတွေ့ဆုံမှုမတိုင်မီ ဇူလိုင် ၂၁ ရက်မှာ အမေရိကန် FBI ညွှန်ကြားရေးမှူး ကက်ရှ်ပတဲလ်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ ပိုမိုမျှဝေဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်နိုင်ငံဘက်က ငွေလိမ်ဂိုဏ်းတွေမှာ အောက်ခြေက လုပ်ကိုင်သူတွေကို ဖမ်းဆီးရုံမက ဂိုဏ်းခေါင်းဆောင်တွေ၊ ငွေကြေးစီးဆင်းရာလမ်းကြောင်းတွေ၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံထောက်ပံ့သူတွေအထိ ဖော်ထုတ်နှိမ်နင်းဖို့ ရည်ရွယ်ထားပါတယ်။

အမေရိကန်ဘက်ကလည်း ကရင်ပြည်နယ် မြဝတီတောင်ပိုင်း၊ ကျောက်ခတ်ရွာမှာ အခြေစိုက်တဲ့ Tai Chang အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ ငွေကြေးကွန်ရက်ကို ထိခိုက်ပျက်ပြားစေနိုင်မယ့် သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာထားပါတယ်။

မြဝတီ၊ ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေကို အဓမ္မခိုင်းစေတာ၊ အွန်လိုင်းငွေလိမ်တာနဲ့ ငွေကြေးခဝါချတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမေရိကန်ဘက်က ပြောထားပါတယ်။

Related News

Most Read