ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်ကြား ယာယီအပစ်ရပ်ကာလ ကုန်ဆုံးသွားပြီး အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ အမေရိကန်ဘက်က ငြင်းဆိုလိုက်တာကြောင့် အီရန်က ကာကွယ်ရေးအနေအထားကနေ အပြည့်အဝ ထိုးစစ်ဆင်တဲ့ စစ်ရေးအနေအထား ဆီ ပြောင်းလဲမယ်လို့ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
ဇွန်လအတွင်း အမေရိကန်နဲ့ အီရန်တို့ ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်မှာ ရက် ၆၀ အတွင်း စစ်ပွဲအဆုံးသတ်ရေး၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆွေးနွေးဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ နှစ်ဖက်ကြား သဘောထားကွဲလွဲမှုတွေ မပြေလည်သေးဘဲ ဩဂုတ် ၁၇ ရက်မှာ သတ်မှတ်ကာလ ကုန်ဆုံးသွားတဲ့အထိ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက် မရရှိခဲ့ပါဘူး။
အီရန်အဆင့်မြင့်အရာရှိတစ်ဦးက Reuters ကို ပြောရာမှာ သံတမန်ရေးနည်းလမ်းနဲ့ အဖြေမရရင် အီရန်အနေနဲ့ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားမှာ “အပြည့်အဝ ထိုးစစ်” စစ်ရေးအနေအထားကို ပြောင်းပြီး အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုကို ချိုးဖောက်ဖို့ စစ်ရေးအရ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ယာယီသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးဖို့ မရှိဘူးလို့ ပြောထားပြီး အီရန်အနေနဲ့ အမေရိကန်လိုလားတဲ့ သဘောတူညီချက်ကို လက်ခံဖို့လိုတယ်လို့ ဖိအားပေးထားပါတယ်။ အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်ရဘူးဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ထရမ့်က ထပ်မံပြောထားပါတယ်။
အခုတင်းမာမှုမှာ အဓိကကျတဲ့ ပြဿနာတစ်ခုက ကမ္ဘာ့ရေနံနဲ့ LNG သယ်ယူပို့ဆောင်ရေးအတွက် အရေးအကြီးဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဘယ်လိုပြန်ဖွင့်မလဲ ဆိုတဲ့ ကိစ္စပါ။ အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး သဘောတူညီချက်ပါ ကတိကဝတ်တွေ အကောင်အထည်ဖော်မှ ရေလက်ကြားအခြေအနေ ပုံမှန်ပြန်ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။
နှစ်ဖက် တိုက်ရိုက်ဆွေးနွေးမှုတွေ တန့်နေချိန်မှာ ပါကစ္စတန်၊ ကာတာ၊ တူရကီနဲ့ ဒေသတွင်းကြားဝင်ညှိနှိုင်းသူတွေက ပြန်လည်ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ တူရကီသမ္မတ ရီဆပ် တိုင်ယစ် အာဒိုဂန်ကလည်း ဩဂုတ် ၁၇ ရက်မှာ ထရမ့်နဲ့ ဖုန်းပြောပြီး အီရန်နဲ့ သံတမန်ရေးဆွေးနွေးမှု ဆက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
အပစ်ရပ်ကာလ ကုန်ဆုံးပြီး အီရန်ဘက်က စစ်ရေးရပ်တည်ချက် ပိုတင်းမာလာတာနဲ့အမျှ ကမ္ဘာ့ရေနံဈေးလည်း ချက်ချင်းတုံ့ပြန်လာပါတယ်။ ဩဂုတ် ၁၈ ရက် အာရှဈေးကွက်အဖွင့်မှာ Brent ရေနံတစ်စည် ဒေါ်လာ ၉၁ ကျော် အထိ တက်လာပြီး ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှု ထပ်မံအနှောင့်အယှက်ဖြစ်လာနိုင်တာကို ဈေးကွက်က စိုးရိမ်နေပါတယ်။

