၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
အမေရိကန်နဲ့ အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုတွေ ယာယီရပ်ထားချိန်မှာ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အီရတ်နိုင်ငံတို့မှာ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှု ပြန်လည်မြင့်တက်လာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် နှစ်ပတ်ကြာပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရုတ်တရက်ရပ်ဆိုင်းခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၇ ရက်မှာ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ Reuters နဲ့ Associated Press တို့က ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျက အရှေ့ပိုင်းပြည်နယ်ရှိ ရေနံအဆောက်အအုံတွေနဲ့ မြို့တော်ရီယာ့ဒ်ကို ဦးတည်လာတဲ့ ဒရုန်းအများအပြားကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒရုန်းတွေဟာ အီရတ်နိုင်ငံဘက်ကနေ ပျံသန်းလာတာဖြစ်ပြီး အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေက ပစ်လွှတ်ခဲ့တာလို့ ဆော်ဒီက စွပ်စွဲထားပါတယ်။ တိုက်ခိုက်မှုတွေကို တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့လည်း ဆော်ဒီဘက်က သတိပေးထားပါတယ်။
အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့ကတော့ ဆော်ဒီအရှေ့ပိုင်းကနေ ပင်လယ်နီကမ်းခြေရှိ ယန်ဘူရေနံတင်ပို့ရေးဆိပ်ကမ်းအထိ ရေနံသယ်ယူပို့ဆောင်ပေးနေတဲ့ အရှေ့–အနောက် ရေနံပိုက်လိုင်းဆိုင်ရာ အရေးပါတဲ့နေရာတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။
ဆော်ဒီရေနံကုမ္ပဏီ Aramco ကတော့ ဟူသီအဖွဲ့ရဲ့ ပြောဆိုချက်နဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို ချက်ချင်းတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။
ဂျော်ဒန်စစ်တပ်ကလည်း နိုင်ငံရဲ့လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းနှစ်စီးကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် လူထိခိုက်မှုနဲ့ ပစ္စည်းပျက်စီးမှု မရှိဘူးလို့ ဆိုပေမယ့် ဒရုန်းတွေကို ဘယ်သူပစ်လွှတ်ခဲ့သလဲ၊ ဘယ်နေရာကို ပစ်မှတ်ထားခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်ဒေသမှာတော့ အီရန်ကာ့ဒ်အတိုက်အခံအဖွဲ့ရဲ့ စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရတ်လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရတ်ဘက်ကလည်း တိုက်ခိုက်သူကို တရားဝင်အမည်တပ်ထားခြင်း မရှိသေးပါဘူး။
အမေရိကန်နဲ့ အီရန်တို့ဟာ နှစ်ပတ်နီးပါး အပြန်အလှန်ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် သုံးရက်ကြာ တိုက်ခိုက်မှုရပ်ထားကြတာဖြစ်ပြီး ကာတာနဲ့ ပါကစ္စတန်တို့က နှစ်ဖက်ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ကြားဝင်ညှိနှိုင်းနေပါတယ်။
ထရမ့်က သံတမန်နည်းလမ်း မအောင်မြင်ရင် အီရန်အပေါ် ပြင်းထန်တဲ့ စစ်ရေးအရေးယူမှုတွေ ပြန်လည်ပြုလုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အီရန်ဘက်ကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုရပ်ဆိုင်းမှု ဆက်လက်တည်ရှိနေသရွေ့ တိုက်ခိုက်မှုတွေကို ရပ်ထားမယ်လို့ ပြောပေမယ့် အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။
ကမ္ဘာ့ရေနံကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ပိုင်ခွင့်နဲ့ သင်္ဘောတွေ ဖြတ်သန်းသွားလာမယ့် လမ်းကြောင်းအပေါ် အမေရိကန်နဲ့ အီရန်တို့အကြား သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေပါတယ်။
အမေရိကန်–အီရန် တိုက်ခိုက်မှုတွေ ယာယီရပ်နားလိုက်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း ခြောက်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပေမယ့် ဆော်ဒီရေနံအဆောက်အအုံတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုအပါအဝင် ဒေသတွင်းအခြေအနေတွေကြောင့် စစ်ပွဲပြန်လည်ကျယ်ပြန့်နိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
#အမေရိကန်အီရန်#ဒရုန်းတိုက်ခိုက်မှု#အရှေ့အလယ်ပိုင်း#NewDayMyan


