Homeနိုင်ငံတကာသတင်းအမေရိကန် တပ်သား ၅၀၀၀ ခန့်ပါတဲ့ လေယာဉ်တင်သင်္ဘော ပတ္တရားကို ရောက်ပြီ၊ ဝင်ငွေများများရဖို့ ထိုင်းအစိုးရ မျှော်လင့်ထား

အမေရိကန် တပ်သား ၅၀၀၀ ခန့်ပါတဲ့ လေယာဉ်တင်သင်္ဘော ပတ္တရားကို ရောက်ပြီ၊ ဝင်ငွေများများရဖို့ ထိုင်းအစိုးရ မျှော်လင့်ထား

စက်တင်ဘာ ၂၊ ၂၀၂၆ | New Day Myanmar

အရှေ့အလယ်ပိုင်းမှာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်လယ်ပြင်မှာ ရက် ၂၀၀ ကျော် ဆက်တိုက်ရှိနေခဲ့တဲ့ အမေရိကန်ရေတပ်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောဟာ ဒီနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လဲမ်ချဘန်းဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။

Nimitz အတန်းအစား နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်မှာ အမေရိကန်ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅,၀၀၀ ဝန်းကျင် လိုက်ပါလာပြီး ပင်လယ်ပြင်မှာ ဆက်တိုက်နေထိုင်တာနဲ့ ပတ်သက်လို့ ခေတ်သစ်ကာလ စံချိန်တခု တင်ထားတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ USS Abraham Lincoln ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ အခုတာဝန်ချထားမှုအတွင်း ပင်လယ်ပြင်မှာ စုစုပေါင်း ၂၈၆ ရက်ရှိခဲ့ပြီး လဲမ်ချဘန်းရောက်ရှိမှုဟာ အဲဒီတာဝန်ချထားမှု စတင်ပြီးနောက် ပထမဆုံး အပြည့်အဝ ဆိပ်ကမ်းနားရပ်တာ ဖြစ်ပါတယ်။ အဲဒီအထဲက ခုနစ်လနီးပါးကို အမေရိကန် ဗဟိုစစ်ဌာနချုပ် တာဝန်ယူရာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

USS Abraham Lincoln နဲ့အတူ လိုက်ပါလာတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေထဲက USS Frank E. Petersen Jr. ဖျက်သင်္ဘောဟာ အနီးရှိ စီရရာချာဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး USS Robert Smalls စစ်သင်္ဘောကတော့ ရယောင်းခရိုင် မပ်တာဖွတ်ဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။

USS Abraham Lincoln နဲ့ ရေတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံမှာ ငါးရက်ကြာ အနားယူပြီး အားပြန်ဖြည့်ဖို့ စီစဉ်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ ကုန်းမကြီးဒေသမှာ အမေရိကန်နဲ့ ကာကွယ်ရေးစာချုပ်ဆိုင်ရာ မဟာမိတ်ဖြစ်တဲ့ တနိုင်ငံလည်း ဖြစ်ပါတယ်။

ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ပတ္တယားမြို့ကို သွားရောက်လည်ပတ်ဖို့ ရှိတာကြောင့် ဒေသတွင်း စီးပွားရေးအတွက် အကျိုးရှိလာမယ်လို့ ပတ္တယားတာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။ လဲမ်ချဘန်းဆိပ်ကမ်းနဲ့ ပတ္တယားမြို့အကြား စစ်မှုထမ်းတွေ သွားလာနိုင်ဖို့ ဘတ်စ်ကား အစီး ၄၀ ဝန်းကျင် စီစဉ်ထားတယ်လို့ ပတ္တယားမြို့တော်ဝန် ပေါ်ရာမက် ငမ်ဖိချက် (Poramase Ngampiches) က Reuters ကို ပြောပါတယ်။

အမေရိကန်စစ်မှုထမ်းတွေကို ရေအားကစား၊ ဂျက်စကီး၊ ဘန်ဂျီခုန်တာ၊ နပန်းနဲ့ လက်ဝှေ့အပါအဝင် အန္တရာယ်ရှိနိုင်တဲ့ လှုပ်ရှားမှုတချို့ မပြုလုပ်ဖို့ ကန့်သတ်ထားပြီး ပတ္တယားကမ်းခြေနဲ့ ညဘက်ဖျော်ဖြေရေးနေရာတွေမှာလည်း ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးကင်းလှည့်မှု တိုးမြှင့်ထားပါတယ်။

USS Abraham Lincoln ရဲ့ ကာလရှည်တာဝန်ချထားမှုအတွင်း သင်္ဘောပေါ်က အခြေအနေတွေ ဆိုးရွားလာတာနဲ့ စစ်မှုထမ်းတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ပုံမှန် အမေရိကန်ရေတပ် တာဝန်ချထားမှုတွေဟာ ခြောက်လကနေ ကိုးလကြား ကြာမြင့်လေ့ရှိပေမယ့် ပဋိပက္ခကာလတွေမှာ သက်တမ်းတိုးနိုင်ပါတယ်။

Related News

Most Read